ဧပြီလ ၁၁ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မြဝတီမြို့ပေါ်က ပြည်သူေတွဟာ နေအိမ်မှာ မနေရဲတော့ဘဲ တစ်ချို့က ဆွေမျိုးတွေရှိရာေနရာကို ထွက်ပြေးတိမ်းရှောင်ကြသလို တစ်ချို့ကလဲ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးရှောင်ခဲ့ကြပါတယ်။
အခုလိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သူခိုးတစ်ချို့ဟာ မြို့ခံတွေရဲ့ နေအိမ်တွေ နဲ့ ဈေးဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး လိုက်လံခိုးယူတာမျိုးတွေ ပြုလုပ်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
“ အခုက ပြေးနေရတာတွေရှိတယ်၊ စစ်တပ်ကလက်နက်ကြီးပစ်လို့ ဘာမှမယူနိုင်ဘဲ ပြေးရတာတွေရှိနေတယ်၊ ပြေးရတဲ့သူတွေရဲ့ အိမ်တွေကနေ ပစ္စည်းတွေခိုးယူခံနေရတယ်၊ တစ်ချို့ကလည်း အဲ့လိုခိုးခံရမှာကြောက်ပြီး မပြေးတဲ့လူတွေရှိတယ်၊” လို့ သူကပြောပါတယ်။
အခုလို နေအိမ်တွေဖောက်ထွင်းခံနေရတာပတ်သက်ပြီး ဧပြီလ ၈ရက်နေ့ ညပိုင်းမှာ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ က “ခိုးယူသူတွေကို မိရင် ပြင်းပြင်းထန်ထန်အပစ်ပေးမယ်” လို့ မြဝတီမြို့ထဲမှာ လိုက်လံအော်ပြောခဲ့ပါတယ်။
BGF တပ်ဖွဲ့တွေ အခုလို လိုက်လံ ပြောကြားခဲ့ပေမဲ့လဲ ကျောက်လုံးကြီးဘုရားအနောက်ဘက်မှာရှိတဲ့ ရပ်ကွက်ေတွ မှာတော့ လူစိမ်းတွေရောက်ေနတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ အကုန်လုံးက မြို့ထဲမှာမရှိကြတော့ဘူး၊ မဲဆောက်ရောက်ကုန်ပြီး ၊ အခုလမ်းထဲမှာလည်း ဘယ်ကလူတွေရောက်လာကြမှန်းမသိဘူး၊ ညဘက်ဆိုရင်လည်း ခွေးတွေတအားဟောင်တယ်၊ ဆိုင်တွေလည်းဖောက်ခံထိကုန်ပြီး၊” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာလည်း မြဝတီမြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတာကြောင့် မြဝတီမြို့ဒေသခံတွေဟာ ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေတစ်ဆင့် မဲဆောက်မြို့ကို စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)