ဧပြီလ ၁၁ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၇၅)တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ PDFပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်ဆီကနေသိရပါတယ်။
ဧပြီလ( ၉) ရက်နေ့ နေ့လည်ပိုင်းအချိန်ကနေစပြီး စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၅)တပ်ကို စတင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၀ ရက်နေ့ ည(၁၀ )နာရီဝန်းကျင်အချိန်မှာတော့ တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့လဲ သိရပါတယ်။
အဆိုပါ ခလရ (၂၇၅)တပ်စခန်းကို သိမ်းပိုက်ပြီးနောက် အဲဒီစခန်းထဲက အရာရှိတွေအပါအဝင် စစ်သား (၁၀၀)ကျော်ဟာ အမှတ် (၂)ချစ်ကြည်ရေးတံတားဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သူကပြောပါတယ်။
“ ဝင်တိုက်တဲ့အချိန်မှာ အစကတော့လက်နက်ချဖို့ညှိသေးတယ် ညှိမရတော့ဝင်တိုက်တယ် သူတို့ဘက်က ခုခံတာတွေနဲ့ဆိုတော့ စစ်ဆင်ရေးကတစ်ရက်ကျော်လောက်ကြာသွားတယ် ဒီဘက်ကလည်းတပ်ရင်းထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်”လို့သူကပြောပါတယ်။
ခလရ (၂၇၅)တပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့သလို လက်နက်ကြီး၊ လက်နက်ကြီးငယ်တွေလည်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၁၁ရက် ဒီနေ့ မနက်(၁၀)နာရီဝန်းကျင်ေလာက်မှာ တော့ မြဝတီမြို့နယ်တစ်ဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့သလို အမှတ်(၁)ချစ်ကြည်ရေးတံတားမှာလည်း မြဝတီမြို့ကနေထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကို သွားရောက်စစ်ရှောင်သူတွေများပြားလာတယ်လို့ မြဝတီမြို့ခံတစ်ဦးကပြောပါတယ်။
“၂၇၅ ကတော့ကျပြီလို့ကြားတယ်ဘာတွေဆက်ဖြစ်မလဲတော့မသိဘူးမနက်ကတော့ လေယာဉ်နဲ့ (၂)လုံးလောက်လာကြဲသေးတယ်၊ တံတားမှာလည်းကမ်းကူးသမားတွေက တော်တော်များတယ်၊ မြို့ထဲမှာလည်း အရင်တုန်းကရှုပ်သလိုတော့မရှုပ်တော့ဘူးပေါ့”သူကဆိုပါတယ်။
မြဝတီမြို့နယ်အတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမှာ တစ်လကျော်ကြာမြင့်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် သင်္ဃန်းညီနောင်၊ရွာသစ်နဲ့ဝှေ့ရှမ်းကျေးရွာက ဒေသခံနေအိမ်အလုံး(၂၀၀) ဝန်းကျင်မီးလောင်ပျက်စီးခဲ့ပြီဖြစ်သလို ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်မှာလည်းစစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cobra Column
Phar Si Than (People’s Radio Myanmar)