ဧပြီလ၂၉ရက် ၂၀၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း အခြေအနေကို ပြန်လည်ကြည့်ရှုတဲ့ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်ကမြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးမေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်ကကော့ကရိတ်မြို့တွင်း ပြန်လည် နေထိုင်လို့ရပြီလို့ကြေညာခဲ့ပြီးနောက် ဒေသခံတွေကမြို့တွင်းပြန်လည်ဝင်ရောက်ကြည့်ရှုချိန်မှာတော့ စစ်တပ်က ကော့ကရိတ်မြို့အဝင်ကြာပန်းအဝိုင်းမှာလာသမျှကား၊ ဆိုင်ကယ်တွေကိုနာမည်၊မှတ်ပုံတင်နဲ့နေရပ်လိပ်စာတွေကိုစစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အိမ်ကသားကတော့ ပြာပုံပြန်ရှင်းနေတယ် ကိုယ်တွေကတော့အိမ်မရှိတော့မပြန်ချင်ဘူး မြို့အဝင်ကြာပန်းဂိတ်မှာလည်း ဆိုင်ကယ်တို့ကားတို့နံပါတ်မှတ်တယ် ဝင်လာတဲ့သူရဲ့ နာမည်၊မှတ်ပုံတင်၊နေရပ်လိပ်စာ စာရင်းသွင်းရတယ် ပြန်ထွက်ရင်လည်းသတင်းပို့ပြီးမှပြန်ပေးထွက်တယ်”လို့သူကပြောပါတယ်။
လေးလကျော်ကြာဖြစ်ပွားခဲ့တဲ့ကော့ကရိတ်မြို့တိုက်ပွဲအတွင်း အမှတ်(၇) ရပ်ကွက်နဲ့ ချောင်းတောင်ရပ်ကွက်ကနေအိမ်တွေအများဆုံးမီးလောင်ကျွမ်းခဲ့တာဖြစ်သလို မြို့တွင်းပြန်လည်နေထိုင်တဲ့သူမှာလည်း အနည်းငယ်သာရှိတယ်လို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူအမျိုးသားတစ်ဦးကပြောပါတယ်။
“အမှတ်(၇)နဲ့ချောင်းတောင်တော့အခြေအနေဆိုးတယ်အိမ်တွေကုန်သလောက်ပဲမီးလောင်တာ အခုအခြေအနေကတော့ပြန်ကြည့်ကြတာပဲ နေတဲ့လူလည်းသိပ်မရှိဘူး နေဖို့လည်းမလွယ်ဘူးလေ စစ်သားတွေလည်းရှိနေတယ် သူတို့လူကြီးတွေလည်းရောက်နေတော့”လို့ဆိုပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့ဝန်ကျင်အထိကိုစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါတယ်။
အခုလို မျိုးတိုက်ပွဲဖြစ်ပွားတာ ၊စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊အကြောင်းမဲ့သတ်ဖြတ်တာတွေကြောင့် ဒေသခံ ၃၀ဦးထပ်မနည်းသေဆုံးခဲ့သလို၊အယောက်၆၀ထပ်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အလုံး( ၆၀၀) ကျော်မီးလောင်ပျက်စီးခဲ့ပြီဖြစ်ပြီး မြို့တွင်းပြန်လည်နေထိုင်ဖို့အတွက်လည်း အခက်အခဲတွေရှိနေကြောင်း ဒေသခံတွေရဲ့ပြောပြချက်သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar )