ဧပြီလ ၁၈ရက်နေ့၊ ၂၀၂၄ခုနှစ်
စစ်ကောင်စီတပ်ဟာ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ တစ်ဦးအပါအဝင် အကျဉ်းသား (၁၁)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ရက်၊ နေ့လည် ၁နာရီလောက်မှာ ထားဝယ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်နဲ့ ရာဇဝတ်မှုနဲ့ အကျဉ်းကျခံထားရတဲ့ အကျဉ်းသား(၁၀)ဦး လွတ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ နိုင်ငံရေးနဲ့ ထောင်ကျနေတာက တစ်ယောက်ဘဲပါလာတယ်။ ကျန်တဲ့လွတ်လာတဲ့သူတွေက တခြားအမှုတွေနဲ့ ထောင်ကျနေတဲ့သူတွေ” လို့သူကပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်ဟာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရတဲ့ သူဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က နှစ်ဆန်းတစ်ရက်နေ့မှာ ထားဝယ်ထောင်ကနေ အကျဉ်းသား (၃၀)ကျော် လွှတ်မယ်လို့ ထုတ်ပြန်ထားတာကြောင့် အကျဉ်းထောင်အရှေ့မှာ မိသားစုဝင်တွေ သွားရောက်စောင့်နေခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ ၃၀ကျော် ပြန်လွှတ်မယ်ပြောတော့ ထောင်အရှေ့မှာစောင့်နေတဲ့ သူတွေက ပြည့်နေရောပေါ့။ လွတ်လာတဲ့သူတွေက ၁၁ယောက်ဘဲလေ” လို့သူက ပြောပါတယ်။
မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေကနေ အကျဉ်းသား စုစုပေါင်း (၃၃၀၃)ဦးကို ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား (၉၁)ဦး သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရပါတယ်။
စစ်ကောင်စီတပ်က လွတ်ငြိမ်းနဲ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို နောက်တစ်ကြိမ် ပြစ်မှု ထပ်ကျူးလွန်ပါက အဲ့ဒီအပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်တပ်ပိုင် မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်ကြော်ငြာထားပါတယ်။
သတင်း- နော်အယ်နီး
ပုံ- လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူ
Phar Si Than (People’s Radio Myanmar)