“တော်လှန်သူတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်”
ကျွန်မဟာ လွတ်မြောက်နယ်မြေလို့သတ်မှတ်ရတဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ ကလေး သုံးယောက်ရဲ့ မိခင်တစ်ယောက်ပါ။ ဘာ့ကြောင့်ကိုယ့်နေရပ်မြို့ကို စွန့်ပြီးထွက်ခွာလာရသလဲဆိုတာကို ပြန်ပြောရရင် ကျွန်မတို့ စစ်တပ်အာဏာသိမ်း ၂၀၂၁ ခုနှစ် အချိန်ကာလကိုပြန်သွားရမှာပေါ့နော်။
အဲ့ဒီအချိန်ကာလတုန်းကဆိုရင် ကျွန်မတို့မိသားစုလိုက် တက်တက်ကြွကြွနဲ့ကို ဆန္ဒပြကြတယ်။ နောက်တော့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အသက်သေဆုံးခဲ့ရတဲ့လူတွေ ရှိလာတယ်။ အဲ့နောက်ပိုင်း ကျွန်မတို့မိသားစု ဆန္ဒပြမထွက်ကြတော့ဘူး။ အိမ်မှာပဲ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်လို့ရတာလေးတွေ အားဖြည့်ရင်းနဲ့ တော်လှန်ရေးမှာ ဆက်ပြီးပါဝင်ဖြစ်ခဲ့တယ်။
တစ်နေ့တော့ ကျွန်မအမျိုးသားက ကျွန်မကိုခွင့်တောင်းလာတယ်။ “သူ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ကို ရွေးချယ်ပြီးလျှောက်လှမ်းတော့မယ်လို့” ပြောလာတဲ့အချိန်မှာ ကျွန်မလုံးဝလက်မခံနိုင်ဘူး။ ကျွန်မတို့မှာ သားသမီး (၃) ယောက်ရှိတယ် သူတို့လေးတွေအတွက် ကျွန်မတို့နှစ်ယောက်လုံးရှေ့ကနေ ရှိနေမှရမယ်လေ ဆိုတဲ့အတွေးကို မိခင်တစ်ယောက်အနေနဲ့စတွေးမိတယ်။
ကျွန်မအမျိုးသားရဲ့အတွေးက ကျွန်မနဲ့မတူခဲ့ဘူး။ သူ့ရဲ့အတွေးနဲ့သူ့ ဆုံးဖြတ်ချက်ကို ပြောပြလာတဲ့ အချိန်မှာ ကျွန်မအများကြီးတွေဝေခဲ့ရတယ်။ သူကျွန်မကိုပြောလာတာက အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးနဲ့ မလုပ်နိုင်တာဘာမှမရှိဘူး။ သေနတ်နဲ့ထောက်ထားပြီး မိန်းမနဲ့သမီးကို စစ်တပ်က အဓမ္မပြုကျင့်လာရင် တိုင်တန်းစရာလူမရှိသလို အကာအကွယ်ပေးမယ့် ဥပဒေလည်းမရှိဘူး။
အဲ့ဒီအတွက် သားသမီးတွေရဲ့အနာဂတ်၊ တိုင်းပြည်အနာဂတ် လှပလုံခြုံဖို့အတွက် သူဒီလမ်းစဥ်ကို မဖြစ်မနေလျှောက်မှရမယ်လို့ ပြောလာတဲ့အချိန်မှာ ကျွန်မဆွံ့အသွားခဲ့တယ်။ ကျွန်မသူ့လို မတွေးထားခဲ့မိဘူး။ နှစ်ပေါင်းများစွာကြီးစိုးလာတဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်ကို ကျွန်မတို့က တွန်းလှန်နေတာဆိုတော့ အဆိုးဆုံးအထိ တွေးထားရမှာကို ကျွန်မမေ့နေခဲ့တယ်။
ကျွန်မအမျိုးသား ပြောပြလာတဲ့စကားတွေကမှန်နေတယ်လေ။ “သူလျှောက်လမ်းချင်တဲ့လမ်းဟာ အန္တရာယ်များမှန်းသိတာပေါ့။ ဒီလိုအချိန်မှာ ကျွန်မတစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးမနေသင့်ဘူးလို့ တွေးပြီးတော့” ပါရမီဖြည့် ဘက်တစ်ယောက် အနေနဲ့ကျွန်မခွင့်ပြုခဲ့တယ်။
သူထွက်သွားတဲ့အချိန်ထဲက နောက်ကြောင်းကိုစိတ်မပူဖို့နဲ့ ဖြစ်လာသမျှပြဿနာတွေကို သားသမီးတွေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်နိုင်တဲ့ မိခင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကျွန်မအရာအားလုံး ကို တည်ငြိမ်စွာနဲ့ပဲ ရှေ့ဆက်တိုးခဲ့တယ်။
အဲ့ဒီအချိန်မှာ အားလုံးကကျွန်မကို ဝိုင်းအပြစ်တင်ကြတယ် ကလေးတွေရှိလျက်နဲ့ ကိုယ့်အမျိုးသားကို ဒီလို လွှတ်လိုက်ရသလားဆိုပြီးတော့ပေါ့။ ကျွန်မကတော့ အရာအားလုံးကို လစ်လျူရှု့ခဲ့တယ်။ “လူတိုင်းဟာကိုယ်နဲ့ ခံယူချက်ချင်း၊ ရည်ရွယ်ချက်ချင်းမတူကြဘူးလေ” ဟုတ်တယ်မှတ်လား။
ကျွန်မတို့နှစ်ယောက်ရဲ့အားနဲ့ရပ်တည်ခဲ့တဲ့ လက်ငုတ်လက်ရင်းအလုပ်တွေကို ကျွန်မတစ်ယောက်တည်း အားနဲ့ပဲ ဆက်ပြီးရုန်းကန်ခဲ့တယ်။ ကျွန်မအမျိုးသားက နှစ်ရက်တစ်ခါ မိသားစုဆီကို ဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့တယ်။ ဒါလေးနဲ့ပဲ ကျွန်မတို့ မိသားစု အလွမ်းဖြေရတာပေါ့။
ကျွန်မအမျိုးသား ကျွန်မဆီကိုဖုန်းဆက်မယ်လို့ ပြောတဲ့ရက်တွေမှာ သူဖုန်းမဆက်လာခဲ့ဘူး။ ကျွန်မတို့ချင်း အဆက်အသွယ်ပြတ်သွားတဲ့အချိန်မှာ စိတ်ထဲတော့တစ်မျိုးဖြစ်သွားတယ်။ ဒါပေမယ့် မတွေးသင့်တဲ့အတွေးမတွေးဘူးဆိုတဲ့စိတ်နဲ့ မေ့မေ့ပျောက်ပျောက်နေခဲ့တယ်။
သိပ်မကြာပါဘူး သူ့အသိတွေ ကနေတဆင့် စကစရဲ့လက်ထဲမှာ အဖမ်းခံလိုက်ရတယ် ဆိုတဲ့သတင်းကြားလိုက်ရတဲ့အချိန် ငိုယိုပူဆွေးနေဖို့ကျွန်မမှာအချိန်မရခဲ့ဘူး။ ဒီလမ်းကိုလျှောက်ရင် တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်ဆိုတာ အစောကြီးထဲက ကြိုတွေးထားပြီးသားဆိုတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို ကျွန်မမြန်မြန်ဆန်လုပ်တယ် ပြင်ဆင်စရာရှိတာတွေ ကျွန်မပြင်ဆင်တယ်။ ကျွန်မ ကလေးသုံးယောက်ကို လက်ဆွဲပြီး ကျွန်မတို့မိသားစု နေအိမ်လေးကို စတင်ကျောခိုင်းခဲ့တယ်။
ပြည်တွင်းကလုံခြုံမယ်လို့ ထင်ရတဲ့နေရာတစ်ခုကို ကျွန်မတို့စတင် ပြောင်းရွှေ့နေခဲ့တယ်။ အဲ့ကနေပဲ ကျွန်မ အမျိုးသားသတင်းကို လိုက်စုံစမ်းရတယ်။ ကျွန်မအမျိုးသားကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခံ ရတဲ့အချိန်မှာ ၅၁ (က)၊ ၅၂ (က)၊ ၁၉ (စ) စတဲ့အမှုတွေနဲ့ အမှု့ကပ်ထားတယ်လို့သိခဲ့ရတယ်။ ဥပဒေ အကြောင်းအရာကို သေချာနားမလည်တော့ ဘာအမှုတွေနဲ့ ကပ်ထားမှန်းမသိခဲ့ရဘူး။ သိလိုက်ရတဲ့ အချိန်မှာ အဲ့အမှုတွေက စစ်တပ်ဘက်က လုပ်ကြံဖန်တီးထားတဲ့အမှုတွေ သက်သက်ပဲ။
နောက်ပိုင်းမှာ ကျွန်မတို့မိသားစုဆက်နေဖို့ မလုံခြုံလာတော့ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့တယ်။ ကျွန်မအမျိုးသားရဲ့အသိတွေအကူအညီနဲ့ပဲ ကျွန်မတို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့စီစဥ်ခဲ့တယ်။ မိသားစုလေးယောက်လုံး တပြိုင်နက်တည်း သောင်ရင်းမြစ်ကို ဖြတ်ကူးဖို့မလွယ်တော့ ကလေး နှစ်ယောက်ကို အရင်ကမ်းကူးခိုင်းရတယ်။
အဲ့အချိန်မှာ အကြီးဆုံးကလေးက အသက် (၁၂) နှစ်အရွယ်ပဲရှိသေးတယ်။ သူတို့နှစ်ယောက် အရင် ကူးသွားရတဲ့အချိန်မှာ ကျွန်မရင်ထဲမှာလေ အပူမီးတွေနဲ့ သောကတွေကအပြည့်ပဲ။ သူတို့ အဆင်ပြေရဲ့လား လမ်းမှာဒုက္ခများရောက်နေလား ကြောက်များကြောက်နေကြလား ဆိုတဲ့ အတွေးတွေက ကျွန်မကိုတုန်လှုပ်စေခဲ့တယ်။
အဲ့ဒီအချိန်မှာ ခံစားရတဲ့ မိခင်တစ်ယောက်ရဲ့ ပူပင်သောကကို မိခင်တွေကသာ နားလည်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မရဲ့မိဘတွေလည်း ထိုနည်းလည်းကောင်းပဲ ကျွန်မနဲ့ သူတို့ရဲ့ မြေးသုံးယောက်အတွက် ဘယ်လောက်တောင် အပူကြီးနေမိမလဲဆိုတာ ကျွန်မနားလည်ခံစားမိတယ်။ ဒီအချိန်မှာ ကျွန်မပြိုလဲချင်ပေမယ့် ပြိုလဲလို့မရဘူး ကျွန်မကလေးတွေအတွက် သန်မာနေရမယ် အဲ့တော့ ကျွန်မရဲ့စိတ်ခံစားမှုတွေကို အဝေးဆုံးကို ပစ်ထုတ်လိုက်မိတယ်။
ဒီဘက်ကမ်းမှာက ကျွန်မနဲ့အငယ်ဆုံးကလေး (၂) နှစ်အရွယ်လေးကို ကျွန်မရင်ခွင်ထဲပိုက်ထားပြီး ဗျာများခဲ့ရတယ်။ အချိန်အနည်းငယ်ကြာတော့မှ ကျွန်မနဲ့အငယ်ဆုံးလေးနဲ့ သောင်ရင်းမြစ်ကို ဖြတ်ကူးရတယ်။ ဟိုဘက်ကမ်းမှာ ရောက်နှင့်နေတဲ့ ကလေးနှစ်ယောက်က သူတို့ကျောပိုးအိတ်လေးတွေ ပိုက်ပြီး ကျွန်မတို့လာမယ့်လမ်းကို စောင့်နေကြတာကိုမြင်ရမှ ကျွန်မစိတ်ထဲ ဒုံးဒုံးချမိတယ်။
ကိုယ့်နိုင်ငံမှာနေလို့မရတဲ့ ကျွန်မတို့ဟာ အသက်ဆက်ရှင်ဖို့အတွက် သူများနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ရောက်လာခဲ့ပြီးပြီး။ အိမ်တစ်အိမ်ထဲမှာပဲနေပြီး အပြင်မထွက်ရဲလို့ သူများလာပို့တာလေးတွေနဲ့ပဲ ကျွန်မတို့မိသားစု အဆင်ပြေသလိုစားသောက်ရတယ်။ တော်လှန်ရေး အသိုင်းအဝိုင်းထဲက ဝိုင်းဝန်းကူညီပေးတဲ့ သူတွေများတော့ အားမငယ်ရဘူး စိတ်ချမ်းသာရတယ်။
ဒါပေမယ့် စိတ်ချမ်းသာမှုတွေက ကြာကြာမခံပါဘူး။ အကြမ်းဖက်စစ်တပ်က ကျွန်မအမျိုးသားကို ပုဒ်မ ၅၂(က) နဲ့ ဘားအံအကျဥ်းထောင်မှာ ထောင်ဒဏ် (၇) နှစ်ချ လိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြားရတယ်။ ပြစ်ဒဏ်ပေါ့လျော့ပြီး ထောင်ဒဏ်နှစ်နည်းအောင် လုပ်ပေမယ့်လည်း ဘာတစ်ခုမှ အဆင်မပြေခဲ့ဘူး။
ဘားအံအကျဥ်းထောင်ကနေတဆင့် ထောင်ပြောင်းပါသွားပြီလို့ကြားရတယ်။ နိုင်ငံရေး အကျဥ်းသားတွေကို မတရားနှိပ်စက်သလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သာယာဝတီအကျဥ်းထောင်ကို ထောင်ပြောင်းပါသွားတယ်လို့သိရတယ်။ သူ့အတွက်ပို့လိုက်တဲ့ ထောင်ဝင်စာပစ္စည်းလေးတွေ အလဟသက်ဖြစ်ကုန်ရတယ်။ ကျွန်မလေ ကလေးတွေမသိအောင် တစ်ယောက်တည်းကြိတ်ငိုမိတယ်။ ကျွန်မတတ်နိုင်တာဘာမှရှိမနေလို့ စိတ်ဓာတ်တွေ လည်းကျရတယ်။
ဒီလိုဖြစ်ရပ်မျိုးက ကျွန်မတစ်ယောက်တည်းကွက်ပြီး ဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ အရာရာကို အားမွေးပြီးတော့ ကျနေတဲ့စိတ်ဓာတ်တွေကို ပြန်ဆွဲတင်ရတယ်။ အာဏာသိမ်းကာလမှာ တစ်နိုင်ငံလုံးက သားမွေးထားတဲ့ မိခင်တွ နဲ့ အိမ်ထောင်ရှင်မတွေအားလုံးဟာ ထောင်တံခါးပေါက်ဝမှာ ရှိနေကြတာ မဟုတ်လား။
အားလုံးက လွတ်ငြိမ်းနဲ့ပြန်ပါလာဖို့ကို စောင့်နေကြရတဲ့လူတွေချည်းပဲ။ အဲ့ဒီ့အထဲမှာမှ ဖြေသိမ့်နိုင်တာ တစ်ခုက ထောင်ထဲမှာရှိနေတာမှန်ပေမယ့် လတ်တလောမှာ အသက်တော့ရှင်နေသေးတာပဲလေ ဆိုတာလေးတစ်ခုနဲ့ အားတင်းထားရတယ်။ ကျွန်မထက်ဆိုးတဲ့သူတွေရဲ့ အခြေအနေတွေကို ပြန်ကြည့်မိတော့ ကျွန်မရဲ့ ပြဿနာက ဖြေသာသေးတယ်လေနော်။
တစ်ချို့တွေဆိုရင် တော်လှန်ရေးမှာ အသက်ပေးလိုက်ရတဲ့သူတွေဟာ သူတို့ရဲ့မိသားစုတွေနဲ့ သူတို့ဟာ ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူး။ သူအသက်ရှင်နေသ၍ ကျွန်မတို့မိသားစုကတော့ တစ်နေ့နေ့ ပြန်ဆုံနိုင်သေးတယ်ဆိုတဲ့အတွေးနဲ့ အရာရာကိုအားတင်းပြီး ကျော်ဖြတ်ခဲ့တယ်။
ကျွန်မတို့နှစ်ယောက် အရင်တုန်းက စုဆောင်းထားတာလေးတွေနဲ့ပဲ ဒီဘက်မှာ ကလေးသုံးယောက်နဲ့ နေထိုင်ရပ်တည်နေရတယ်။ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ခြင်းကို ကျွန်မတို့မိသားစု အနေနဲ့ လက်ခံ ရရှိတာမျိုးမရှိဘူး။ အပြင်မှာ အလုပ်ထွက်လုပ်ဖို့ အတွက်ကလည်း ကျွန်မက တရားမဝင် ဝင်ရောက်ခဲ့တဲ့သူဖြစ်သလို အထောက်အထားလည်းမရှိတော့ အလုပ်အကိုင်အခွင့်အလမ်းက မရှိသလောက်ကိုနည်းပါးလွန်းတယ်။
ကျွန်မတို့လို ရှင်သန်နေရတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရှိလာရင် သိပ်ကို အဆင်ပြေမယ်လို့တွေးမိတယ်။ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ငွေကြေး ထောက်ပံ့မယ့်အစား အလုပ်အကိုင်သာ ထောက်ပံ့ပေးနိုင်ရင် ဝမ်းသာမိမှာအမှန်ပဲ။ ဒီလိုသာ အလုပ်မလုပ်ပဲနဲ့ ရှိတာလေးတွေ ထိုင်စားမယ်ဆိုရင် ကြာကြာရပ်တည်နိုင်မှာမဟုတ်ဘူး။
ကျွန်မတို့မိသားစုဟာ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့သူတွေဆိုတော့ သူများနိုင်ငံထဲမှာ အထောက်အထားမဲ့ အဖြစ်နဲ့နေရတဲ့အခါ စိတ်လုံခြုံမှုတွေပျောက်ဆုံးရတယ်။ ကလေးတွေဆိုရင် ထိုင်းရဲကိုမြင်တာနဲ့ ကြောက်တတ်လာတယ်။ လက်ရှိအခြေအနေမှာ ကျွန်မတို့ အထောက်အထားမဲ့တွေရဲ့ဘဝတွေဟာ ထိုင်းရဲတွေအတွက် ငွေရပေါက်တစ်ခုလိုဖြစ်နေတယ်။
ရဲစခန်းမှာရှိနေတဲ့ ထိုင်းရဲစကားပြန်ဆိုတဲ့လူတွေက အဆိုးဆုံးပဲ။ သူတို့ဟာ အမှု့ပွဲစား လူပွဲစား လုပ်ပြီး ကျွန်မတို့လို လူတွေဆီက အပူငွေတွေကို ထိုင်းရဲတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပေါင်းစားလာကြတယ်။ ကျွန်မတို့မှာ သူတို့တောင်းတဲ့ငွေပမာဏကို မပေးနိုင်ရင် မြန်မာပြည်ဘက်ခြမ်းကို ပြန်ပို့ခံရမယ်ဆိုတဲ့ ကြောက်စိတ်တွေနဲ့ ရှင်သန်နေရတယ်။
ဒီမှာရှိနေတဲ့လူနေမှုဘဝက အရမ်းကြပ်တည်းခက်ခဲတယ်။ နေထိုင်ရပ်တည်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းမရှိသလို အပြင်ထွက်မိရင်လည်း ထိုင်းရဲဖမ်းခံရမှာ ကြောက်ရတာကြောင့် ဘာအလုပ်မှ မယ်မယ်ရရ လုပ်လို့မရဘူး။ ကိုယ့်နိုင်ငံ အခြေအနေနဲ့ယှဥ်ကြည့်ရင်တော့ ဒီမှာနေရတာ ကျွန်မတို့အတွက် အသက်တော့ ရှင်သေးတယ်ဆိုတာလေးတစ်ခုတည်းနဲ့ပဲ ဘဝကို စိန်ခေါ်မှုများစွာနဲ့ လျှောက်လှမ်းနေရတယ်။
ဒါတွေအပြင် ကျွန်မတို့လို နိုင်ငံရေးခိုလှုံတွေကို ကာကွယ်မှုပေးနေတယ်ဆိုတဲ့ UNHCR အဖွဲ့အစည်းကလည်း တကယ်တမ်း ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ တာဝန်ယူ ဖြေရှင်းပေးတာမျိုးမရှိတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖြေရှင်းနေကြရတယ်။ “လူ့အခွင့်အရေး” ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအတွက် အသုံးမဝင်တဲ့ စကားလုံးတစ်ခုလို့တောင် ကျွန်မထင်မိလာ တယ်။
အခုဆိုရင် တော်လှန်ရေးကာလက နှစ်နှစ်ခွဲကျော်လာပြီ ဒီအတိုင်းအတာထိကို ကျွန်မတို့တောင့်ခံ လာပြီးပြီ။ အားလုံးအဆင်ပြေနေတဲ့ဘဝကိုထားပစ်ခဲ့ပြီး သုညကနေပြန်စလာခဲ့ပြီးပြီဆိုတော့ ဒီ့ထက် ဆိုးနိုင်တဲ့ အခြေအနေမရှိတော့ဘူး။ ကျွန်မတို့မှာ ထပ်ပြီးစွန့်လွှတ်စရာလည်း ဘာမှမရှိတော့ဘူး။ နောက်ကြောင်းကိုပြန်လှည့်စရာလည်းမရှိသလို အာဏာရှင်ကိုလည်းဒူးထောက်မှာမဟုတ်တဲ့အတွက် ကျွန်မကတော့ အောင်ပွဲရတဲ့အထိ ရှေ့ကိုဆက်သွား နေဦးမှာ။
တော်လှန်ရေးမှာ ပေးလိုက်ရတဲ့အသက်တွေ၊ ဒီတော်လှန်ရေးကြီးပြီးမှ အိမ်ပြန်ရမယ့် ကျွန်မတို့လို အိမ်ပြေးတွေအပြင် မတရားဖမ်းဆီးအကျဥ်းကျခံနေရတဲ့ အကျဥ်းထောင်အသီးသီးက နိုင်ငံရေး အကျဥ်းသားတွေဟာ ဒီတော်လှန်ရေးကြီး ပြီးဆုံးသွားမှသူတို့ဟာ လွတ်လာမယ့်သူတွေမို့ သူတို့အတွက် ကျန်နေတဲ့ ကျွန်မတို့က တိုက်ပွဲဝင်ပေးမှသာ ဒီတော်လှန်ရေးကြီးက အမြန်ဆုံးပြီးမှာ။ အဲ့တာကြောင့်လေ အားလုံးကစိတ်ဝမ်းမကွဲပဲနဲ့ အတူတူ ဆက်လက်ရုန်းကန်ပေးဖို့ကို ကျွန်မ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်။