Skip to content
March 6, 2026
  • Facebook
  • Twitter
  • Linkedin
  • VK
  • Youtube
  • Instagram

People’s Radio Myanmar

Connect with Us

  • Facebook
  • Twitter
  • Linkedin
  • VK
  • Youtube
  • Instagram

Categories

  • English
  • Health
  • Karen language
  • Letter to the editor
  • Mental Health
  • Mon Local News
  • News Feed
  • Phar Si Than Podcast
  • Podcast
  • Sports
  • Stories
  • Tanintharyi Local News
  • Translate
  • Uncategorized
  • Video
  • Weather
Primary Menu
  • Sports
  • Stories
  • Health
  • Contact
  • Blog
Live
  • Stories

“အောင်ပွဲရလို့ပြန်ရတဲ့အခါ အိမ်ကလက်ခံပေးဖို့ တောင်းဆိုချင်တဲ့သူမ”

yanpk September 20, 2023 1 min read

“အောင်ပွဲရလို့ပြန်ရတဲ့အခါ အိမ်ကလက်ခံပေးဖို့ တောင်းဆိုချင်တဲ့သူမ”

ကျွန်မက ဒုတိယနှစ် CDM ကျောင်းသူတစ်ယောက်အဖြစ်နဲ့ နွေဦးတော်လှန်ရေးမှာ စတင်ပါဝင် ဖြစ်ခဲ့တယ်။ ဘာလို့ပါဝင်ဖြစ်တာလဲဆိုတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတာကိုလက်မခံနိုင်လို့ နောက်ပြီးတော့ အမှန်တရားဘက်ကရပ်တည်ချင်တယ်။ လူပီသတဲ့ လူတစ်ယောက် ဖြစ်ချင်တာတွေကြောင့် သပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။

ကျွန်မတို့မြို့လေးကလည်းကျဥ်းတယ် ဘေးပတ်ဝန်းကျင်မှာလည်း ဒလန်တွေပေါ်တဲ့အပြင် ကျွန်မအိမ်နဲ့ တစ်အိမ်ကျော်က ဒလန်အိမ်ဆိုတော့ သပိတ်တွေစထွက်တဲ့ ကာလထဲကကို အိမ်မှာအမြဲတမ်း မနေဖြစ်ဘူး။ ကျွန်မတို့ “အေးချမ်းစွာဆန္ဒပြတယ်  စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းတယ်” သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့ကြားထဲကပဲ မရရအောင်ဆန္ဒပြခဲ့တယ်။

အဲ့အချိန်မှာကလေ တော်လှန်ချင်စိတ်ကများနေတော့ သေနတ်နဲ့ပစ်တာတောင် ကြောက်ရွံ့မှုမရှိပဲ နာကြည်းချက်တွေနဲ့ပဲ ရှေ့ဆက်တိုးခဲ့တယ်။ အဲ့လိုတွေကြောင့်ပဲ အိမ်ရှေ့က ကုန်စုံဆိုင်ပိုင်ရှင်ရဲ့ စောင့်ကြည့်ခြင်းကိုခံရတယ်။  “ကျမ ဘယ်အချိန်မှာ ဘာဝတ်ပြီး  ဘယ်အချိန်မှာ အိမ်ပြန်ရောက် လာတယ် ပြန်ထွက်သွားတယ်” ဆိုတာတွေကအစ စာရင်းစာအုပ်နဲ့ အတိအကျမှတ်ထားခြင်းကို ခံရတယ်။ ဘေးတစ်အိမ်ကျော်ကလည်း ဒလန်လုပ်ပြီး တိုင်ကြားတာကိုခံရတယ်။ ခုနကပြောခဲ့သလိုပဲ နေထိုင်တဲ့မြို့လေးကလည်းကျဥ်းတော့ မျက်နှာမြင်လိုက်တာနဲ့ ဘယ်သူဘာလုပ်တယ်ကအစ တန်းသိတာကို။

အိမ်ကိုစစ်တပ်ကလာဝိုင်းတာတို့ လာရှာတာတို့အမြဲတမ်းလုပ်တယ်။ စစ်တပ်က ညဘက် သန်းခေါင်အချိန်တွေ ရောက်လာပြီဆိုတာနဲ့ အိမ်ကိုလာဝိုင်းတယ် အရက်တွေမူးရူးပြီး ရမ်းကားဆဲဆို တာတွေလုပ်တယ်။ သေနတ်တွေ ဖောက်ပြီးတော့ တစ်အိမ်လုံးကိုမီးရှို့ပြီး ပစ်သတ်ပစ်လိုက်လို့ ရတယ်ဆိုပြီး ညတိုင်းလာလာခြိမ်းခြောက်တာကို အိမ်ကမိသားစုတွေက အမြဲတမ်းခံရတယ်။

ကျွန်မကိုလည်း အကြမ်းဖက်စစ်တပ်က ဖုန်းဆက်တယ် “သူတို့စစ်ရုံပဲစစ်ဆေးမှာ မဖမ်းဘူး ပြန်လာခဲ့ဖို့ ပြောတယ်”။ ကျမကလည်း သူတို့ကိုဖုန်းထဲကနေပဲ ပြန်ပြောလိုက်တယ် “နင်တို့စစ်ဆေးရအောင် ဘာအပြစ်မှ မလုပ်ထားတဲ့အတွက် စစ်ဆေးစရာအကြောင်းလဲမရှိဘူး” လို့ကျွန်မပြန်ပြောလိုက်တယ်။ နောက်တော့ သူတို့လိုချင်တဲ့ ကျွန်မကိုမရတော့ အိမ်မှာရှိတဲ့မိသားစုကို  သက်ဆိုင်ရာလူကြီးတွေက စစ်ဆေးဖို့ခေါ်သွားတယ် ။

အိမ်ကမိသားစုဝင်တွေ ကနေတဆင့် ကျွန်မဆီကိုဖုန်းဆက်ခိုင်းတယ် “အိမ်ကလူတွေက ငိုယိုပြီးဖုန်းဆက်တဲ့ အချိန်မှာ…” ကျွန်မ အများကြီးတွေဝေခဲ့ရတယ်။ ကျွန်မကြောင့် မဆိုင်တဲ့မိသားစုဝင်တွေကို ထိလာတဲ့အချိန်မှာ မတတ်နိုင်တဲ့အဆုံး အိမ်ကိုပြန်လိုက်ရတယ်။

အိမ်ရောက်ရောက်ချင်းသူတို့က ဖမ်းဝရမ်းစာရွက် အရင်ထုတ်ပြတယ် ကျွန်မကိုထုတ်ထားတဲ့ ပုဒ်မတွေက “ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ရယ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)” နဲ့ အမှုကပ်ထားတယ်။ သပိတ်ခေါင်းဆောင်ဆိုပြီး နာမည်တပ်ခံရတယ်။ သပိတ်ကာလတွေတုန်းကလည်း အားလုံး သိတဲ့အတိုင်းပဲ ခေါင်းဆောင်ဆိုတာမရှိကြဘူးလေ ကိုယ့်အသိစိတ်လေး နဲ့ တူရာတူရာစုပြီးတော့ ဆန္ဒပြခဲ့ကြရတာပဲလေ။

ဘာကြောင့် ဒီအမှုတွေဖွင့်ထားတာလဲ မေးလိုက်တော့ “ကျွန်မတို့မြို့မှာ PDF စဖွဲ့ပြီဆိုတဲ့ ထုတ်ပြန်တဲ့စာကို ကျွန်မရဲ့ FB Acc ကနေပြန်တင်လိုက်တဲ့အချိန်မှာ” စ.ရ.ဖ အဖွဲ့ရဲ့စောင့်ကြည့်ခြင်းကို ခံနေရတာ ကိုယ့်အနေနဲ့မသိခဲ့ဘူး။  နောက်ပြီးတော့ အကြမ်းဖက်စစ်တပ်က PDF အဖွဲ့ဝင်ပါဆိုပြီး စွပ်စွဲတယ် အမှန်တကယ်က အဲ့အချိန်မှာ PDF မဖြစ်သေးဘူး။

ကျွန်မကို စစ်မေးခံရတဲ့အချိန်တုန်းက အစောပိုင်းကာလဖြစ်နေတော့ ကျွန်မကံကောင်းတယ် ပဲပြောရမလားပေါ့ “ထုရိုက်နှိပ်စက်ပြီးစစ်မေးတာကိုမခံရဘူး။ သုံးနေတဲ့ FB အကောင့်တွေကို ဆက်မသုံးတော့ဖို့နဲ့ နိုင်ငံရေးနဲ့ပက်သက်တဲ့အကြောင်းတွေဆက်မတင်ဖို့ သူတို့ပြောတယ်။ နောက်ပြီးတော့ ခံဝန်ထိုးခိုင်းတယ် ကျွန်မဘက်က မထိုးပေးနိုင်တဲ့ အပြုအမူဖြစ်သွားတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တဆင့်ထိုးပေးဖို့ သူတို့ပြောခဲ့တယ်။ ကျွန်မ “ခေါင်းပဲညှိတ်ခဲ့တယ် ထိုးစရာလည်း အကြောင်းမရှိသလို ထိုးလည်းမထိုးပေးနိုင်တဲ့အတွက် ကျွန်မခံဝန် မထိုးပေးခဲ့ဘူး”။

အဲ့တာတွေကြောင့်ပဲ အိမ်ကမိသားစုတွေဘက်ကလည်း ကျွန်မကို အရမ်းစိတ်ဆိုးခဲ့တယ် “အိမ်ကမိသားစု ကိုပြန်မကြည့်ရကောင်းလားဆိုပြီး”တော့ပေါ့။ ကျွန်မအိမ်ကထွက်မလာခင် အိမ်ကိုလည်း တစ်ခါထဲ မှာခဲ့တယ် “ကျွန်မနဲ့ပက်သက်ပြီးတော့ မိသားစုကို ခံဝန်လာထိုးခိုင်းရင်လည်း ထိုးပေးစရာအကြောင်းမရှိဘူး အကယ်၍ ကိုယ့်သဘောနဲ့ကိုယ် ထိုးပေးလိုက်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံ” ဆိုပြီး ပြောခဲ့တယ်။

အိမ်မှာဘာပဲဖြစ်ဖြစ် တစ်သက်လုံးလဲ အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး။  ဒီတော်လှန်ရေးကြီး မပြီးမချင်း ကျွန်မနဲ့အိမ်နဲ့ အဆင်ပြေမှာမဟုတ်တော့ဘူး။ ဒါ့ကြောင့် အိမ်ပြန်မလာတော့ဘူးဆိုပြီး အိမ်ကိုအဆက်အသွယ်ဖြတ်ခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက အိမ်ကိုကျောခိုင်းထွက်လာလိုက်တာ အခုချိန်ထိပဲပေါ့။

အိမ်ကထွက်လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မိတဲ့အဆက်အသွယ်နဲ့ပဲ UG စလုပ်ခဲ့တယ်။ UG လုပ်နေစဥ်မှာပဲ အဖွဲ့ထဲကလူတွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရတယ်။ လူမညီတာလည်းပါတယ် မြို့ကလည်းကျဥ်းတယ် နောက်ပြီးတော့ ဒလန်ကလည်းပေါ်တယ်။

စကစ လာစစ်တာတို့ စစ်ကြောင်းထိုးတာတို့ဆို လွတ်မယ်ထင်တဲ့ နေရာတွေကို ရွှေ့ရွှေ့ပြီးနေခဲ့တယ်။ အဲ့အချိန်မှာ သိလာတယ် ဒီတိုင်းဆက်နေလို့မရတော့ဘူး “ဆက်နေရင် သေရင်သေ မသေရင် သူတို့လက်ထဲတော့ အရောက်မခံနိုင်ဘူး” ဆိုတဲ့စိတ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး တောထဲက စခန်းတခုကိုရောက်လာခဲ့တယ်။ တပ်မဟာ (၆)မှာရှိတဲ့ တောတွင်းစခန်းတခုပေါ့။ မှတ်မှတ်ရရ အဲ့အချိန်မှာ ငှက်ဖျားနဲ့ ကိုဗစ်ရောပြီးဖြစ်နေတဲ့အချိန်မှာ တောထဲစရောက်ခဲ့တယ်။

တောထဲက စခန်းတခုမှာပဲ တိုက်ခိုက်ရေးသင်တန်းတစ်ခုကိုတက်ခဲ့တယ်။ နည်းပြဆရာတွေက မိန်းကလေး တစ်ယောက်အနေနဲ့ တိုက်ခိုက်ရေး သင်တန်းတက်ဖို့ အားမပေးခဲ့ဘူး။ ကိုယ်တိုင်က မိန်းကလေးဖြစ်နေပေမယ့်လည်း စိတ်ထဲမှာ ဆုံးရှုံးသွားရတဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေအတွက် နာကြည်းချက်တွေအရမ်းများနေခဲ့တယ်။ အဲ့ဒီအချိန်စိတ်ထဲမှာက “စကစကို သတ်ချင်ဖြတ်ချင် နေတဲ့စိတ်” တစ်ခုပဲရှိနေတယ်။

လက်နက်အားကိုးနဲ့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ပြီးရက်စက်ခဲ့တဲ့ကောင်တွေကို “ငါတို့ကလည်း လက်နက်နဲ့ ပြန်တိုက်ရမယ်” ဆိုတဲ့စိတ်နဲ့ တိုက်ခိုက်ရေးသင်တန်းကိုပဲ ခေါင်းမာမာနဲ့ ရွေးချယ်တက်ဖြစ်ခဲ့တယ်။ ကံကလည်း ဆိုးချင်တော့ သင်တန်းတက်နေစဥ်ကာလမှာ လေ့ကျင့်ရင်းနဲ့ မတော်တဆဖြစ်ခဲ့တယ်။

သင်တန်းမှာ လေ့ကျင့်နေစဥ်အတောအတွင်း ဗိုက်မှာရှိတဲ့ကြွက်သားတွေတောင့်အောင် တစ်ယောက်နဲ့ တစ်ယောက် တက်နင်းကြတယ်။ ကိုယ်အနင်းခံရတဲ့အချိန်မှာ နင်းတဲ့သူကလည်း တမင်လုပ်တာတော့ မဟုတ်ဘူး မတော်တဆ ချော်ပြီးတော့ “ဆီးအိမ်ပေါ်ကို နင်းမိတော့ ဆီးအိမ်ကယောင်သွားတယ်”။

ကျွန်မကို စခန်းမှာရှိတဲ့ ကျန်းမာရေးတာဝန်ယူထားတဲ့ ဆရာဝန်ကပဲ ဆေးကုပေးတယ်။ အဲ့အချိန်မှာ ဆီးဆေးတွေ သောက်ရတယ် ပိုးသတ်ဆေးတွေသောက်ရတယ်။ ဆေးတွေသွင်းရတယ်။ ကျန်းမာရေးက အရင်လိုမကောင်းတော့ ဆရာတွေကနားခိုင်းတယ်။ ဒါပေမယ့်လေ ကိုယ်ကထိုင်မနေချင်ဘူး ဖြစ်ချင်တဲ့စိတ်ကအရမ်းကြီးနေတော့ ဆေးသွင်းရင်းနဲ့ပဲ သင်တန်းကို မရရအောင်တက်ခဲ့တယ်။ အဲ့အချိန်မှာ တန်းစီကွင်းမှာပဲ လေ့ကျင့်ရေး သင်တန်းတက်နေရင်းနဲ့ မေ့လဲသွားခဲ့တယ်။

သင်တန်းပေးနေတဲ့နေရာနဲ့ ဆေးရုံနဲ့ကတော်တော်လေးဝေးတယ် ကားကလည်းအဆင်သင့်ရှိမနေခဲ့ဘူး။ ဆေးရုံရောက်တဲ့အချိန်မှာ “ဆီးအိမ်ယောင်တုန်းက ပိုးသတ်ဆေးတွေသောက်ထားတဲ့အရှိန်ရဲ့ နောက်ဆက်တွဲက အစာအိမ်သွေးကြော” ပေါက်သွားတာလို့သိရတယ်။ ရဲဘော်တွေ ပြန်ပြောပြတာ တွေအရတော့ မသေခဲ့တာပဲတော်တော်လေး ကံကောင်းတယ်ပေါ့နော်။

ဆေးကုလို့သတိရလာတော့ စခန်းကိုပြန်သွားရတယ်။ နလန်ထကာစပဲရှိသေးတယ် လေးကေ့ကော် တိုက်ပွဲကစဖြစ်တယ်။ အဲ့ဒီတော့ နေနေတဲ့စခန်းကနေ နောက်တစ်နေရာကို ထပ်ရွှေ့ရတယ်။ ဒဏ်ရာက အကင်းမသေခဲ့တော့ ရောဂါကထပ်ဖြစ်တယ်။ စခန်းမှာကျွေးတာ စားရတာဆိုတော့ ဒါမစားချင်ဘူး ရောဂါဖြစ်နေတယ် အစာပျော့ပျော့ စားမှရမယ်ဆိုတာမျိုး ရှိမနေဘူးလေ။ ရှိတာစားရတယ် အစားစားချိန် တွေလည်းမမှန်တာတွေကြောင့် ဗိုက်ကထိုးထိုးအောင့်လာတယ်။

ပထမတခါ ဖြစ်ထားတာကိုတွေ့ထားတဲ့ ဆရာတစ်ယောက်က ကျွန်မကိုမှတ်မိနေတယ်။ ဒီတခါဖြစ်ရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတယ် အောက်မှာဆေးသွားကုမှရမယ်လို့ ဆရာက ပြောတယ်။ အောက်ဆိုတာ ဘယ်နေရာလဲ ကျွန်မမေးလိုက်တော့ မဲဆောက်ဆိုတာသိလိုက်ရတယ်။

ကျွန်မနေနေတဲ့စခန်းကနေ နောက်တန်းစခန်းတစ်ခုကို ရောက်သွားတဲ့အချိန်မှာ “အားငယ်တဲ့စိတ်တွေ ဝမ်းနည်းစိတ်တွေဝင်လာတယ်” အရင်စခန်းက ကိုယ့်ဆရာသမားတွေရဲ့ “အဆင်ပြေရဲ့လားဆိုတဲ့ စကားတစ်ခွန်းမကြားရလောက်အောင် လုံးဝပစ်ထားခြင်းကို” ခံရတယ်။ ဆေးသွားကုဖို့အတွက် ဘယ်နေရာကို ဘယ်လိုချိတ်ဆက်ပြီးသွားရမယ်ဆိုတာမပြောသလို စီစဥ်ပေးထားခြင်းလဲမရှိပဲ “မျက်နှာလွှဲခဲပစ်” ထားတာကိုခံခဲ့ရတယ်။

အဲ့အချိန်မှာ ကိုယ့်ကိုကိုယ်အားပြန်တင်းရတယ် “ငါ စိတ်ဓာတ်ကျလို့မဖြစ်ဘူး စစ်လဲမတိုက်ရပဲနဲ့ ဟိုကောင်တွေကိုလည်းမသတ်ရ၊ ရှေ့တန်းလည်းမသွားရပဲနဲ့ ငါအသေမခံနိုင်ဘူးဆိုတဲ့စိတ်နဲ့” ရအောင်ပြန်ထတယ်။ နောက်တန်း စခန်းမှာရှိနေတဲ့အချိန် ကိုယ့်လိုပဲ စိတ်ဓာတ်တွေကျနေတဲ့ ရဲဘော်တွေကိုသွားတွေ့တယ်။

တချို့တွေဆိုရင် “စစ်တိုက်ချင်တာကို မတိုက်ရလို့ စိတ်ဓာတ်တွေကျကြတယ်”။ အဓိကကတော့ လက်နက်မပြည့်စုံတာတွေက အဆိုးဆုံးပဲ။ ရှေ့တန်းမှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ ရှေ့တန်းရောက်တိုင်းလည်းစစ်မတိုက်ရဘူး လက်နက်မရှိလို့ထိုင်နေရတယ်။ လူချိန်းနဲ့ နားတဲ့အချိန်မှသာ နားတဲ့သူရဲ့ လက်နက်ကို ယူပြီးတိုက်ခဲ့ရတာတွေရှိတယ်။ ဒီအခက်အခဲတွေကို မြေပြင်ကလူတွေပဲ သိတယ် ဒီလိုတွေနဲ့ စကစကို တိုက်ခဲ့ရတာ။

ကျွန်မတို့ရဲဘော်တွေ နောက်တန်းစခန်းမှာ စစ်ဘေးရှောင်တွေနဲ့အတူတူ စစ်ရှောင်နေရတဲ့အချိန် ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်တခုကတော့ စိတ်ပျက်စရာကောင်းလွန်းလို့ အခုချိန်ထိကို မမေ့နိုင်ဘူး။ ကျွန်မတို့ လိုင်းမရလို့ ရှေ့တန်းနဲ့အဆက်အသွယ်ပြတ်နေခဲ့တယ်။ ရှေ့တန်းမှာ ဘယ်သူကျလို့ကျမှန်းမသိ ဘယ်နှစ်ယောက်ကျလို့ကျမှန်းလဲမသိ ဘယ်သူတွေထိခိုက်လို့ထိခိုက်မှန်းမသိ သောကတွေအပြည့်နဲ့ ဖြစ်နေတဲ့အချိန်တစ်ခုပေါ့။

အဲ့ဒီအချိန်မှာ စခန်းကလူကြီးတယောက်ရဲ့ မွေးနေ့ကို “ညဘက်ကြီး ခရာမှုတ်ပြီး တန်းစီကွင်းမှာ တန်းစီခိုင်းတယ်။ ဖယောင်းတိုင်အတိုလေးတွေ တစ်ယောက်ချင်းစီလိုက်ပေးတယ် ကြက်ဥ တစ်ယောက်တစ်လုံးနဲ့ Happy Birthday သီချင်းဆိုခိုင်းတယ်” အဲ့ညမှာပဲလေယာဥ်ဗုံးလာကြဲတယ်။ တစ်မိနစ်လေးစောပြီးသွားလို့ အားလုံး အသက်ရှင်ခဲ့ရတာ ။

အကယ်၍များ လေယာဥ်သာ တစ်မိနစ်လောက်စောပြီးရောက်လာခဲ့ရင် အဲ့ကွင်းထဲမှာရှိတဲ့ ရဲဘော်တွေ နဲ့ စစ်ဘေးရှောင်ထောင်ချီအတွက် မတွေးရဲလောက်အောင်ကိုဖြစ်ခဲ့ရတယ်။ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ သူတွေရဲ့ သတင်းတောင် မကြားရတဲ့အချိန်မှာ “မဖြစ်သင့်တာ မလုပ်သင့်တာကိုလုပ်တဲ့အတွက်” အရမ်းကိုစိတ်တိုခဲ့ရတယ်။ ဒီဖြစ်ရပ်ကိုတော့ တစ်သက်မမေ့ခဲ့ဘူး တာဝန်ရှိလူကြီးမင်းတွေရဲ့ စောက်တလွဲလုပ်တဲ့ကိစ္စတွေကို။

တောထဲမှာဆုံပြီးတော့ တိုက်ပွဲမှာကျဆုံးသွားတဲ့ရဲဘော်တွေထဲမှာ ကိုယ်နဲ့ ဆွေမျိုးတော်နေတဲ့ သူတွေပါနေတယ်။  သူတို့တွေတိုက်ပွဲမှာ အသက်ပေးပြီးကျဆုံးသွားတော့မှ ကိုယ်နဲ့ဆွေမျိုးတော်နေမှန်း သိလိုက်ရတဲ့ နောက်ပိုင်းမှာ တော်တော်လေးခံပြင်းခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း ကျန်းမာရေးအတွက် ဆေးကုဖို့ အသိတွေနဲ့ မဲဆောက်ကို ရောက်လာခဲ့တယ်။ ကျန်းမာရေးပြန်ကောင်းတဲ့တစ်နေ့ ကျွန်မတောထဲကို ပြန်သွားဦးမှာပါ။

တောထဲမှာမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီးတော့ ကာကွယ်အရေးယူပေးထားတဲ့ ဥပဒေမရှိဘူး။ အဲ့တာနဲ့ပက်သက်ပြီး ကိုယ်တိုင်တော့မခံခဲ့ရပေမယ့် အသိရဲမေတွေ ညီအစ်မလို ပေါင်းခဲ့တဲ့သူတွေတော့ လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီး ထိပါးစော်ကားခံရတာတော့ရှိခဲ့တယ်။ ဒီကိစ္စတွေနဲ့ပက်သက်ပြီး တာဝန်ယူဖြေရှင်း ပေးတဲ့သူရယ်လို့မရှိဘူး ဘာသိဘာသာ နေနေကြတဲ့ လူတွေချည်းပဲ။ ဒါတွေနဲ့ပက်သက်ပြီး ဖြစ်ပျက်နေတာတွေ အများကြီးရှိနေပါတယ်။ သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ ဒါတွေကိုဖိဖိစီးစီး တာဝန်ယူဖြေရှင်းပေးစေချင်တယ်။

တောထဲမှာက ဘယ်လိုစည်းမျဥ်းစည်းကမ်း သတ်မှတ်ထားလဲဆိုတော့ စကစ လို တပ်ပုံစံသွင်းတယ် ဆိုပြီး အဆင့်ဆင့်အုပ်ချုပ်တဲ့ရာထူးပုံစံရှိတယ်။ ကျူးလွန်ခံရတဲ့ရဲဘော်က ကိုယ့်ထက် ရာထူးတစ်ဆင့် မြင့်တဲ့သူကို တိုင်တန်းရတယ်။ အဲ့ကနေမှ တဆင့်တဆင့်နဲ့ တက်သွားရတာ အဲ့ဒီမှာဆို တစ်ချို့ကိစ္စတွေက အထက်ကို မရောက်ဘူး အလယ်မှာတင်ပြတ်ပြီးပျောက်သွားတယ်။

တာဝန်ရှိသူတွေနဲ့ အရမ်း(ပဏ္ဍာ)သင့်တဲ့သူတွေဆို ဦးစားပေးခံရပြီး ပျောက်သွားတဲ့ကိစ္စတွေရှိတယ်။ ဒီလိုကိစ္စတွေနဲ့ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လုံးဝအသုံးမကျပါဘူး။ တောထဲမှာ NUG က တာဝန်ပေးထားတဲ့ သူတွေရှိနေတယ်။ ဒါပေမယ့် သူတို့ဖြေရှင်းကိုင်တွယ်ပုံ ညံ့တဲ့အတွက် ထိရောက်မှု လုံးဝမရှိဘူးလို့ပြောချင်ပါတယ်။

ဒီလိုတွေဖြစ်ခဲ့လို့ကြုံခဲ့လို့ တော်လှန်ရေးထဲဝင်လာတဲ့အတွက် နောင်တရလားမေးရင် ဘယ်တော့မှ နောင်တမရခဲ့ဘူး အခုချိန်ထိလည်း နောင်တမရဘူး။ ဒါပေမယ့် တော်လှန်ရေးထဲကိုရောက်လာပြီးတော့ စကစလို အချိုးမျိုးလာချိုးတဲ့ သူတစ်ချို့တွေကိုတော့ အရမ်းစိတ်ပျက်မိတယ်။

တော်လှန်ရေးနှစ်နှစ်ခွဲကျော်ကာလမှာ ကောင်းသောပြောင်းလဲခြင်းတွေရှိသလို မကောင်းသော ပြောင်းလဲခြင်း တွေလည်းရှိတယ်။ အစတုန်းကဆိုရင် လက်နက်အင်အား လူအင်အားမမျှကြဘူး အရင်တုန်းကဆိုရင် တူမီးသေနတ်နဲ့စခဲ့ရတာ အခုဆိုရင် အရင်ကထက် လူအင်အားရော လက်နက်အင်အားရောကောင်းလာပြီ တိုက်ပွဲတွေမှာ ဆိုရင်လည်း ကိုယ့်ဘက်က အသာစီးရလာတာတွေ ရှိနေပြီ ဒါတွေဟာ ကောင်းသော ပြောင်းလဲခြင်းတွေပါ။

မကောင်းသောပြောင်းလဲခြင်းတွေကတော့ “ကိုယ့်အချင်းချင်းသတ်ခိုင်းတာတွေ၊ လုပ်ကြံခိုင်းတာတွေ၊ တချို့ဆိုရင် အာဏာရှင်ကိုတော်လှန်နေရင်းနဲ့ အာဏာရှင်ထက်ဆိုးလာတဲ့သူတွေဖြစ်လာကြတယ်”  ဒါတွေဟာ မကောင်းသော ပြောင်းလဲခြင်းတွေပါလို့ထောက်ပြချင်တယ်။

တော်လှန်ရေးအတွက် အသက်ပေးလိုက်ရတဲ့သူတွေဟာ လူငယ်ဖြစ်ပေမယ့် လူငယ်ပီပီမရှင်သန်ခဲ့ရဘူး။ ကိုယ့်နဲ့ရွယ်တူ ကိုယ့်မောင်နှမ နှစ်ယောက်၊ ကိုယ့်အသိရဲဘော်တွေအသက်ပေးသွားရတယ်။ ပြောစရာစကားမရှိအောင်ကို စိတ်ဒဏ်ရာတွေရခဲ့တယ်။ ဘယ်လိုလုပ်လုပ်သူတို့ဟာ ပြန်မရှင်လာ ကြတော့ဘူး သူတို့ကို ပြန်ရှင်လာပြီး အခုဖြစ်နေတာတွေကိုမြင်စေချင်တယ်။

တချို့တွေဆို လူမသိသူမသိ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြရတယ်။ ဒါတောင် တချို့လူကြီးတွေ ကပြောကြတယ် “အသက်ပေးသွားတဲ့သူက ရှေ့မှာပေးသွားပြီးပြီ နောက်ကွယ်မှာ ဘာပြောကြသလဲဆိုတော့ အမိန့် မနာခံလို့” သေသွားရတာဆိုပြီး အပြစ်တင်ပြောဆိုတဲ့ အသံတွေကြားရရင် အရမ်းရင်နာရတယ်။

“ဘယ်သူကမှတော့ မသေချင်ကြဘူးလေနော် အာဏာရှင်ကို တော်လှန်ချင်လွန်းလို့ စိတ်ဓာတ်တွေ ပြင်းထန်လွန်းလို့သာလုပ်နေကြတာ” တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့သူတွေဟာ “အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် သူတို့တွေကောင်းရာမွန်ရာရောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ရှိနေမှာပါ” နောက်ပြီးတော့ “အခုလိုအဖြစ်ဆိုးတွေနဲ့ ဘယ်တော့မှ ထပ်မကြုံပါစေနဲ့လို့” ဆုတောင်းမိတယ်။

NUG CRPH ဆိုတာက တရားဝင်အစိုးရမဟုတ်သေးဘူး ပြည်သူကလက်ခံထားတဲ့ ပြည်သူ့အစိုးရ တစ်ရပ် အနေနဲ့ပဲရှိနေသေးတယ်။ တော်လှန်ရေးကာလထဲမှာ တာဝန်ယူထားတဲ့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ စကားတစ်ခွန်းပြောရင် ပေါ့ပေါ့တန်တန်မပြောသင့်ဘူး။ ဥပမာ − ဘာပရောဂျက် ညာပရောဂျက်ဆိုပြီး သူတို့လုပ်လိုက်တယ်။ လုပ်မယ်ဟေ့လို့စဥ်စားထားရင် အစကတည်းက တွေးထားပြီးစီစဥ်သင့်တယ်။ ပြည်သူတွေဆီက အလှူငွေတွေကောက်ပြီး လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့အခါ အရင်ပြောထားတဲ့ စကားတွေက အာချောင်သလိုဖြစ်နေတယ်။

မြေပြင်မှာရဲဘော်တွေက အသက်ပေးထားရတာ ကြက်ကလေး ငှက်ကလေးတွေမဟုတ်ဘူး သူတို့အာချောင်လိုက်တဲ့ဖြစ်ရပ်က စကစ (ရန်သူ) ဘက်က အသာစီးရသွားတဲ့အခါတွေရှိတယ်။ သူတို့ပြောတဲ့ ငှက်ပစ်တွေဆိုရင် အခုထိမမြင်ရသေးပေမယ့် စကစရဲ့ လေယာဥ်ပစ်ကြောင့် အသက်ပေးလိုက်ရတဲ့ သူတွေအများကြီးပါ။ လုံခြုံရေးကြောင့် တရားဝင်ချပြတာမျိုးမလုပ်ရင်တောင် တကယ်တိုက်နေတဲ့ မြေပြင်ကို စီးဆင်းသွားတာမျိုးပဲ ပြည်သူတစ်ယောက် အနေနဲ့လိုချင်တယ်။

အခုချိန်ထိ အာဏာရှင်ဟာ ကျွန်မတို့ကိုမနိုင်သေးပါဘူး။ ကျွန်မတို့ဟာ “စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ တော်လှန်ခဲ့တယ်။ မအလ မှ မဟုတ်ဘူး ဘယ်သူတွေ အာဏာရှင်လာဆန်ပါစေ ဂရုမစိုက်ဘူး ဆက်ပြီးတော့ တော်လှန်နေဦးမှာပဲ”။

“ပြည်သူရှိမှရပ်တည်လို့ရမှာ သူတို့ကိုထောက်ခံတဲ့ပြည်သူမရှိပဲ ဘယ်အချိန်ထိရပ်တည်မလဲ” ဆိုတာ စောင့်ကြည့်ချင်တယ်။ ပြည်သူကို ရန်သူသဖွယ် သဘောထားတဲ့ စစ်အာဏာရှင်တွေအနေနဲ့လည်း သူတို့ ဘယ်သွားသွား မလုံခြုံတော့ဘူး သူတို့ရဲ့ပတ်ပတ်လည်မှာလည်း ရန်သူတွေရှိနေတာကို သိစေချင်တယ်။  “ကိုယ်တွေအရှုံးမပေးသ၍ သူတို့တွေမနိုင်ဘူး” ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကျွန်မရဲ့လက်ကျန်ဘဝကို ဆက်လက်ဖြတ်သန်းနေတယ်။

ကျွန်မအခုလို ရပ်တည်နေနိုင်တာက အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ ကျောင်းတွေလည်း နားထားရတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အိမ်ကနည်းနည်းချင်းစီ ပေးထားတဲ့ပိုက်ဆံတွေကို စုထားတယ်။ ကိုယ်လိုချင်တဲ့ အတိုင်းအတာရောက်လို့ စီးပွားရေးလုပ်မယ်လည်းဆိုရော အာဏာက ထသိမ်းတယ်။ အနာဂတ် ရည်မှန်းချက်တွေ အကုန်ပျက်စီးခဲ့ရတယ်။

အိမ်ကနေစထွက်လာတဲ့အချိန်ကတည်း စီးပွားရေးလုပ်မယ့်ပိုက်ဆံတွေကို တပြားတကျပ်မှ အိမ်ကိုမပေးခဲ့ဘူး။ အပါသယ်လာတယ်။ အိမ်ကဆင်ပေးထားတဲ့ လက်ဝတ်လက်စားတွေကအစ အရသယ်တယ် အပါသယ်တယ်။ အဲ့တာတွေ အကုန်ရောင်းစားပစ်လိုက်တယ် မတတ်နိုင်ခဲ့ဘူး ခက်ခဲခဲ့တယ်လေ။ တော်လှန်ရေးအတွက်ဆိုပြီး ဘယ်သူ့ဆီကမှလည်းမတောင်းချင်ဘူး အကုန်လုံးခက်ခဲ နေကြတာသိတယ်။ ဖြစ်နိုင်ရင်ကိုယ်ကပဲပေးချင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တော်လှန်ရေးအတွက် ရပ်တည်ခဲ့တယ်။

မဲဆောက်ရောက်ပြီးတဲ့နောက်မှာ ကူညီထောက်ပံ့မှုတခါရဖူးတယ် AAPP က ပေးတဲ့ ဘတ် ၃၀၀၀ ရယ် နောက်ပြီးတော့ OIA က ရိက္ခာတစ်ကြိမ်ထုတ်ဖူးတယ်။ အဲ့ဒီနောက်ပိုင်းတော့ ထောက်ပံ့မှုတွေ ဆက်မရတော့ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေးနဲ့ပက်သက်ပြီး ကူညီပေးနေတဲ့သူမရှိဘူး။ တတ်နိုင်သလောက် ဆေးခန်းပြနေပေမယ့် အရှင်းကြီးပျောက်သွားတယ်ဆိုတာမရှိသေးပါဘူး။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ ဆေးကုသရတာ အခုအထိလည်းအဆင်မပြေသေးပါဘူး အခက်အခဲတွေအများကြီးရှိနေတုန်းပါပဲ။

တော်လှန်ရေးကြီးအလွန်အချိန်ကာလကိုတွေးရမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အိမ်ပြန်ချင်တယ်။ အိမ်ကပြန်လက်ခံပေးဖို့ကိုလည်း မျှော်လင့်မိတယ်။ တောင်းလည်းတောင်းဆိုချင်တယ်။ ဒီအသက်အရွယ်အထိ အိမ်ကို လုပ်ပေးခဲ့တာဘာမှမရှိဘူး အိမ်ကနေပဲ လက်ဖြန့်တောင်းခဲ့ရတာဆိုတော့ အိမ်အတွက် အားကိုးအားထားရတဲ့ သမီးတယောက်ဖြစ်ချင်တယ်။ အိမ်ကသာပြန် လက်ခံပေးရင် ရိုးသားသားကြိုးကြိုးစားစားရှာဖွေလုပ်ကျွေးချင်ပါတယ်။

ဒီအချိန်မှာက မျှော်လင့်ချက်တွေလည်းအများကြီးမရှိတော့သလို အနာဂတ်တွေ ရည်ရွယ်ချက်တွေလည်း မရှိတော့ပါဘူး။ အတွေးထဲမှာ “ငါတို့နိုင်ရမယ် ငါတို့ဘယ်တော့နိုင်မလဲ” ဆိုတာပဲရှိတယ်။ ဒီပွဲဟာနောက်ဆုံးပွဲမို့ ငါတို့တွေနိုင်ကိုနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုထဲနဲ့ပဲ ရှေ့ဆက်သွား နေမိတယ်။

Continue Reading

Previous: “ထောက်ပို့တစ်ယောက်ရဲ့ရင်ဖွင့်သံ”
Next: “တော်လှန်သူတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်”

Related Stories

လားရှိုးမြို့က အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူခံစစ်ပြင်
1 min read
  • Stories

လားရှိုးမြို့က အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူခံစစ်ပြင်

July 23, 2024
ဒုတိယရန်ကုန်ဖြစ်သွားတဲ့ မြို့တော်ဘန်ကောက်
1 min read
  • Stories

ဒုတိယရန်ကုန်ဖြစ်သွားတဲ့ မြို့တော်ဘန်ကောက်

June 24, 2024
အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
1 min read
  • Stories

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

June 22, 2024

Tags

Newsbeat Sport

Connect with Us

  • Facebook
  • Twitter
  • Linkedin
  • VK
  • Youtube
  • Instagram

Categories

  • English (69)
  • Health (1)
  • Karen language (163)
  • Letter to the editor (1)
  • Mental Health (3)
  • Mon Local News (12)
  • News Feed (1,094)
  • Phar Si Than Podcast (1)
  • Podcast (4)
  • Sports (8)
  • Stories (22)
  • Tanintharyi Local News (3)
  • Translate (15)
  • Uncategorized (25)
  • Video (4)
  • Weather (11)

Trending News

ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ 1

ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ

September 9, 2024
ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား 2

ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား

August 26, 2024
ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ 3

ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ

August 26, 2024
ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး 4

ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး

August 26, 2024
ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 5

ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

August 24, 2024
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃ သန်းနီးပါးရှိလာ 6

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃ သန်းနီးပါးရှိလာ

August 22, 2024
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့မှ အင်အား တစ်သောင်းနဲ့ စစ်သင်တန်းဆင်းပွဲကျင်းပ 7

စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့မှ အင်အား တစ်သောင်းနဲ့ စစ်သင်တန်းဆင်းပွဲကျင်းပ

August 22, 2024

You may have missed

ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ
1 min read
  • News Feed

ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ

September 9, 2024
ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား
1 min read
  • News Feed

ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား

August 26, 2024
ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ
  • News Feed

ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ

August 26, 2024
ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး
1 min read
  • News Feed

ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး

August 26, 2024

Karen Language

  • ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ
  • ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား
  • ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ
  • ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး
  • ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Tags

Newsbeat Sport

Categories

English Health Karen language Letter to the editor Mental Health Mon Local News News Feed Phar Si Than Podcast Podcast Sports Stories Tanintharyi Local News Translate Uncategorized Video Weather

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.com.

Recent Posts

  • ကမမောင်းမြို့မှာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ပြင်ဆင်နေ
  • ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား
  • ဖၣ်အၣ်ဝ့ၢ်ပူၤထံဒိၣ်နိယွၤသၢဝီတဝီ
  • ဖူးခက်မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦးသေဆုံး
  • ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
  • Sports
  • Stories
  • Health
  • Contact
  • Blog
  • Facebook
  • Twitter
  • Linkedin
  • VK
  • Youtube
  • Instagram
Copyright © All rights reserved. MoreNews by AF themes.
 

Loading Comments...