Site icon People’s Radio Myanmar

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဓမ္မသတ်ရွာအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၉ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာအနီးတစ်ဝိုက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၈ရက် ညနေ ၅နာရီလောက်ကစပြီး ဓမ္မသတ်၊ နောင်ထပံ၊ ကမ်းနီ၊ ကော့ကျိုက်စတဲ့ ကျေးရွာအနီးတစ်ဝိုက်ကို စစ်တပ်က တစ်ညလုံးနီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ ဓမ္မသတ်အပါအဝင် ရွာနီးနား အကုန်ပစ်တယ်၊ ပစ်ချိန်ကလည်း ကြာတယ်၊ အနည်းနဲ့အများကတော့ အထိအခိုက်ရှိနိုင်တယ်၊ အတည်ပြုနေကြတုန်းဘဲ၊ ပစ်ခံထိတာ အကုန်လုံးက မွန်ရွာသက်သက်ဘဲ၊” လို့ ဓမ္မသတ်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ဓမ္မသတ်ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်တပ်က တရနာကျေးရွာထဲမှာ တပ်စွဲထားသလို ဂျိုင်းမြစ် စစ်သင်္ဘောကနေလဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါ့အပြင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ရှိနေကြသေးတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ခုတော့ ငြိမ်နေတုန်းဘဲ၊ ဘယ်အချိန် ဘာထဖြစ်မယ်ဆိုတာ ပြောရတာတော့ခက်တယ်၊ စစ်ရေးသတိထားနေရတယ်” လို့ သူကပြောပါတယ်။

ဓမ္မသတ်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ (၂)ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဓမ္မသတ်ကျေးရွာက ဒေသခံနေအိမ် (၄၀၀) ကျော်မီးလောင်ပျက်စီးနေပြီးဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ၄လအတွင်း စစ်တပ်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံနေအိမ် တစ်ထောင်နီးပါး မီးလောင်ပျက်စီးနေပြီး ဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားတွေအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)

Exit mobile version