နိုဝင်ဘာလ ၂၁ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့တော်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ မနက် (၆) နာရီလောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) ကနေ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးတစ်လုံးဟာ မြို့တော်ဦးရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ကော့ကရိတ်မှာ လက်နက်ကြီးကျလို့၊ မြေးအဖိုးနှစ်ယောက်၊ ပထမတော့ စပါးစိုက်တဲ့နေရာမှာ လက်နက်ကြီး ခဏခဏ ကျလို့တဲ့ မအိပ်တော့ဘဲ၊ သူ့အိမ်ပြန်အိပ်တာ၊ သူ့အိမ်ပေါ်တည့်တည့်ကျတာ၊ မြေးအဖိုးနှစ်ယောက်အိပ်နေတာ ထိပြီးတော့ သေသွားတယ်၊ ပွဲချင်းပြီးပဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေမှာ အသက် (၇၀) ကျော် အရွယ် ဦးကုလားနဲ့ အသက် (၁၆) နှစ်အရွယ် မြေးဖြစ်သူတို့ဖြစ်ပြီ: ဒီနေ့ နေ့လည် (၁၁)နာရီခွဲလောက်မှာ လှိုင်ဝသင်္ချိုင်းမှာ အသုဘ ချလိုက်တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ (၂၀)ရက်နေ့ ည (၉)နာရီလောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ (၉၇) တပ်ရင်းကနေ ချောင်းတောင်ကျေးရွာဘက်နဲ့ တံတားဦးကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဒီကနေ့ မနက်ပိုင်း (၁၀) နာရီကျော်လောက်မှာလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ညကလည်း ပစ်တယ်၊ ညကလူထိတာမရှိဘူး၊ ဒီမနက်ကျမှ လူထိတာ၊ လက်နက်ကြီးကျပြီးထိတာ၊ အခုလည်း ပစ်နေတုန်းဘဲ၊ အကတ်လိုက်ဆွဲနေကြတာ၊” လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြိုအနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို နိုဝင်ဘာလ အစပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၁၇)ရက်နေ့ အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်(၉) လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)