နိုဝင်ဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ ရှင်ဓာတ်ဝဲဘုရားအနီးမှာ အရက်ဝိုင်းဖွဲ့သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား (၁၀)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၁၉)ရက်နေ့၊ နေ့လည် (၂)နာရီ မိနစ် (၃၀)လောက်မှာ ရှင်ဓာတ်ဝဲဘုရားနံဘေးရှိ ဘောလုံးကွင်းမှာ အင်အား (၃၀)ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ Dawei Guerrilla Revolutionary Force အဖွဲ့ရဲ့ တာဝန်ရှိသူကဆိုပါတယ်။
“ သူတို့ အရက်သောက်နေတုန်း ကျနော်တို့ ပြောက်ကျားသွားပစ်တာပါ။ ကျနော်တို့ဘက်က အရင်ပစ်လိုက်တဲ့အချိန် သူတို့က မူးမူးနဲ့ ပြန်ပစ်တာပါ။ ပစ်ခတ်မှုက (၁)မိနစ်လောက်ဘဲဖြစ်ပါတယ်” လို့ သူကအခုလိုပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေဘက်က နေရာမှာတင် (၆)ဦး ပွဲချင်းပြီးသေဆုံးပြီး ဆေးရုံရောက်တဲ့အချိန်မှ နောက်ထပ် (၄)ဦးထပ်မံသေဆုံးခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ် တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
DGRF ရဲ့ တာဝန်ရှိသူက “ ကျနော် မျက်စိရှေ့ မှောက်လျက်သေဆုံးသွားတာ (၆)ယောက်ပါ။ နောက်ထပ် (၄)ယောက်က ဆေးရုံရောက်မှ သေပါတယ်။ အကုန်လုံးက မူးရူးနေတော့ ဘာမှမသိကြဘူးလေ။ သေနတ်သံကြားတော့ ရမ်းပစ်တာပေါ့” လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အပြီး ဇဟာရွာအခြေစိုက် အမတ (၃၀၁) ကနေ အင်အား (၄၀)လောက်နဲ့ မောင်မယ်ရှောင်ရွာအတွင်းသို့ ရောက်ရှိလာပြီး ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်ဆောင်ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ မောင်မယ်ရှောင်ရွာအနီး နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ပစ်ပြီးတာနဲ့ အုပ်စုလိုက်ကြီးရောက်ချလာတယ်။ သေနတ်တွေနဲ့ လျှောက်ရမ်းပစ်တယ်။ အိမ်တွေထဲ လျှောက်လိုက်ရှာတယ်။ တွေ့တဲ့လူကို ဖမ်းတော့တာဘဲ” လို့သူကအခုလို ပြောပြပါတယ်။
စစ်ကောင်စီတပ်က ဒေသခံတွေကို ဘယ်နှယောက် ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ နိုဝင်ဘာလ (၁၉)ရက်နေ့ ညကလည်း အမတ (၃၀၁) ကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရသိရပါတယ်။
အလားတူ နိုဝင်ဘာလ (၁၈)ရက်နေ့၊ ည (၆)နာရီ မိနစ် (၂၀)လောက်ကလည်း ထားဝယ်ဘက်နေ မောင်မယ်ရှောင်ရွာရှိ ဖောင်တော်ဦးဘုရားကိုလာတဲ့ စစ်ကောင်စီတပ်သားအင်အား (၄၀)လောက်ကို DGRFက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် (၃၀)လောက်ဖြစ်ပွားခဲ့သေးတယ်လို့ DGRFရဲ့ တာဝန်ရှိသူကဆိုပါတယ်။
“ ကျနော်တို့က စောင့်ပြီးပစ်တာပါ။ ပစ်ခတ်မှုအပြီး ဘုရားမဲဂိတ်ကို ပြန်ဆုတ်သွားတယ်။ ထိခိုက်မှုကိုတော့ ကျနော်တို့ အတည်မပြုနိုင်ဘူး။ မမြင်မစမ်းနဲ့ အသံကြားတဲ့ဘက်ကို ပစ်ရတာဆိုတော့လေ” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅)ရက်နေ့ကလည်း ထားဝယ်မြို့ဝင်ရှိ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေ (၄)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- DGRF
Phar Si Than (People’s Radio Myanmar)