နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မြို့မရဲစခန်း ဒရုန်းနဲ့ (၅) ကြိမ်တိုင် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲစခန်းဝင်းထဲမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် မုဒုံမြို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၉) ရက်နေ့က မုဒုံမြို့မရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက နေ့လည်(၁၂) နာရီမှာ (၁)ကြိမ်၊ညနေ (၅) နာရီမှာ တစ်ကြိမ်၊ ည (၇) နာရီမှာ (၂)ကြိမ်နဲ့ ည(၈) နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ (၅) ကြိမ်တိုင်ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။
အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် မုဒုံမြို့မရဲစခန်းထဲက အသက် (၁၆) နှစ်အရွယ် မသင်းသဇင်ဖူးနဲ့ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မုဒုံမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မုဒုံမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
” မနေ့ နေ့လည် (၁၂) နာရီလောက်ကနေ ည(၈)နာရီအထိ၊ (၁၂)နာရီတစ်ခါ၊ (၅)နာရီတစ်ခါ၊ (၇)နာရီမှာ (၂)ခါ၊ ပြီးတော့ (၈) နာရီမှာ (၁)ခါ၊ (၅) ခါချတာ၊ အဲ့ဒီမှာ မိန်းကလေးတစ်ဦးက ထိသွားတယ်၊ခေါင်းတွေရယ် ပြီးတော့ လက်မောင်းနေရာတွေရယ်မှာ ထိသွားတယ်၊ မစိုးရိမ်ရဘူး၊ ရဲတစ်ယောက်လည်း ထိသွားတယ်၊ သူက အိပ်နေတဲ့အချိန်မှာ ထိတာ၊ သူကဆေးရုံမသွားရဘူး၊ နည်းနည်းဘဲထိသွားတာ၊” လို့ သူကပြောပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ည (၈) နာရီကျော်လောက်မှာ မုဒုံမြို့မရဲစခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိုးပေါ်ထောင်ပြီး ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ မုဒုံမြို့ဒေသခံတွေက ဆိုပါတယ်။
” ညက ၈နာရီကျော်လောက် နောက်ဆုံးချခံရပြီးတော့ ရဲစခန်းကနေ သေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်ကြတယ်၊ (၅) မိနစ်လောက်ပစ်တယ်၊ ပြီးတော့ ငြိမ်သွားတယ်၊ ဒီနေ့မနက်အထိဘဲ ငြိမ်နေကြတယ်၊” လို့ မုဒုံမြို့မရဲစခန်းနားမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာကာ တိုက်ပွဲတွေလည်း နေ့တိုင်းဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ကလည်း မုဒုံမြို့၊ကမာဝတ်ကျောင်းမှာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ပြည်သူစစ်တစ်ဦးသေဆုံးခဲ့ကာ စစ်ကောင်စီတပ်သား တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)