နိုဝင်ဘာလ ၂၀ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကမမောင်းမြို့က ရပ်ကွက်(၂)ခုမှာရှိတဲ့ အိမ်ခြံမြေ(၁၃)ကွက်ပိုင်ရှင်တစ်ချို့ကို စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေနဲ့ အရင်ခြံပိုင်ရှင်ဆိုသူတွေပူးပေါင်းကာ ဖမ်းဆီးခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
နိုဝင်ဘာလ၁၇ရက်နေ့မှာ ကမမောင်းမြို့က ရပ်ကွက်(၂)ခုမှာရှိတဲ့ အိမ်ခြံမြေ(၁၃)ကွက်မှ ဒေါ်ဆဖူးရာပိုင်ဆိုင်တဲ့မြေကွက်ကို ဒေါ်လိုတီဖားက သူပိုင်ဆိုင်တယ်ဆိုကာ စစ်ကောင် စီတပ်လက်အောက်ခံ BGF (၁၀၁၄)ကတပ်ရင်းမှူးဗိုလ်မောင်ချစ်ကိုတိုင်ကာ ဒေါ်ဆဖူးရာကို BGFတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီး ခြိမ်းခြောက်လက်မှတ် အတင်းထိုးခိုင်းတယ်လို့ ကမမောင်း မြို့ခံတစ်ဦးကပြောပါတယ်။
“ဒေါ်ဆဖူးရာပိုင်တဲ့မြေကွက်ကိုဟိုအမှတ်(၂)ရပ်ကွက်ကဒေါ်လိုတီဖားကသူပိုင်ဆိုင်တယ်ဆိုပြီးတော့ တပ်ရင်းမှူးမောင်ချစ်နဲ့တိုင်ပြီးတော့ဒေါ်ဆဖူးရာကို (၁၇)ရက်နေ့က ဖမ်းသွားတာ ငါးဂိမ်း လောင်းကစားရုံက BGF စစ်သားတွေကခြိမ်းခြောက်ပြီးတော့ဒေါ်လိုတီဖားပိုင်ဆိုင်ကြောင်း ကိုလက်မှတ်ထိုးခိုင်းတယ်”လို့သူကပြောပါတယ်။
အိမ်ခြံမြေပိုင်ရှင်ဒေါ်ဆဖူးရာမှာ လက်မှတ်မထိုးပေးဘူးလို့ ပြန်ပြောခဲ့တာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်စစ်သားတွေကBGFတပ်ရင်း(၁၀၁၄)တပ်ရင်းကိုပို့ဆောင်မယ်ဆိုပြီးအတင်းဆွဲခေါ်နေချိန်အရာခံဗိုလ်ဖားနော့ဒါးကလည်းသေနတ်နဲ့ပစ်မယ်ဆိုပြီးချိန်ရွယ်ထားတာကြောင့် ဒေါ်ဆဖူးရာမှာနေရာမှာတင်မေ့မြောသွားခဲ့ပြီး ဆေးကုသမှုခံ ယူနေရ တယ်လို့ သူကဆက်ပြောပါတယ်။
“ဒေါ်ဆဖူးရာက မပေးနိုင်ဘူးပြန်ပြောတော့(၁၀၁၄)တပ်ရင်းကိုခေါ်သွားမယ်ဆိုပြီး ကားပေါ်ကို စစ်သားနှစ်ယောက်အတင်းဆွဲခေါ်နေချိန် အရာခံဗိုလ်ဖားနော့ဒါးက ပစ်စတိုသေနတ်နဲ့ ပစ်သတ်မယ်လို့ချိန်တော့ သူကကြောက်လန့်ပြီး မေ့မူးလဲသွားတယ် အခုကတော့ဆေးကု နေရာတာပေါ့မသက်သာသေးဘူး”လို့သူကပြောပါတယ်။
အခုလိုအိမ်ခြံမြေ(၁၃)ကွက်ပိုင်ရှင်တွေကို စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင် တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အရင်ခြံပိုင်ရှင်ဆိုသူတွေကပေါင်းပြီး မကြာခဏခြိမ်း ခြောက်တာတွေလုပ်ဆောင်နေတာကြောင့် အိမ်ခြံပိုင်ရှင်တစ်ချို့မှာကမမောင်းမြို့တွင်းမနေ ရဲကြတော့ပဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အိမ်ခြံမြေ(၁၃)ကွက်က နေအိမ်တစ်ချို့ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးခံရတဲ့ နေအိမ်တွေကအိမ်ပိုင်ရှင်တစ်ချို့ကိုလည်း ညှိနှိုင်းမယ်ဆိုကာ BGFတပ်ရင်း(၁၀၁၄)တပ်ရင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် သက်ဆိုင်ရာလူကြီးတစ်ချို့ရဲ့အာမခံချက်နဲ့ ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)