နိုဝင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ဝါရစ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၁၆ရက်နေ့၊ နေ့လည် ၁၁နာရီလောက်မှာ ပျူစောထီးတွေပူးပေါင်းပါဝင်တဲ့ အင်အား ၈၀ပါ စစ်ကောင်စီတပ် စစ်ကြောင်းက ရဲဘော်တွေရှိတဲ့ နေရာကို ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) ရဲ့ တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။
“ သူတို့က ကျနော်တို့ရှိနေတာ၊ ကျနော်တို့ သွားလာလှုပ်ရှားတာတွေကို သတင်းပေးတဲ့သူက သတင်းအတိအကျပေးလိုက်တော့ စစ်တပ်က ချက်ချင်းရောက်လာတာပါ။ သူတို့ရောက်လာတယ်ဆိုတာ ကျနော်တို့ မသိလိုက်ပါဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဝါရစ်ရွာဘုန်းကြီးကျောင်းအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး အဲ့ဒီရဲဘော်နှစ်ဦးရဲ့ အလောင်းကိုတော့ နိုဝင်ဘာလ (၁၇)ရက်နေ့က သင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) ရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
“ ပထမ ကျနော်တို့ ရဲဘော်တစ်ယောက်အရင်ထိပါတယ်။ နောက်တစ်ယောက်ကတော့ လက်နက်ကြီးထိပြီး ကျတာပါ။ အပြန်အလှန်ပစ်ခတ်မှုကတော့ ကြာကြာဖြစ်သွားပါတယ်။ လက်နက်ကြီးတွေက တောက်လျှောက်ပစ်ပါတယ်” လို့သူကအခုလို ဆက်ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သေနတ်(၂)လက်၊ စကားပြောစက်တစ်လုံးနဲ့ လက်နက်ခဲယမ်း ပစ္စည်းအချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝါရစ်ရွာဘုန်းကြီးကျောင်းက သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရွာသားတစ်ဦးလည်း ထိခိုက်သေဆုံးခဲ့သလို စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာသားတစ်ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
“ ရွာထဲက စိတ်မနှံ့တဲ့လူကိုက သူတို့စစ်ကြောင်းဝင်လာတဲ့အချိန်ပစ်သတ်ခဲ့တာ။ တစ်ယောက်ကတော့ လက်နက်ကြီးထိပြီးဆုံသွားပါတယ်။ ဆရာတော်ကတော့ မြိတ်ဆေးရုံကို တင်သွားတာ။ ဆေးရုံရောက်တာနဲ့ ပျံလွန်တော်မူသွားပါတယ်” လို့သူကအခုလိုပြောပါတယ်။
နိုဝင်ဘာလ (၁၇)ရက်နေ့ ညမှာလည်း စစ်ကောင်စီတပ်ရဲ့ ဇဝဲအခြေစိုက် ခမရ(၅၅၆) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းခတ်နေတာကြောင့် ဝါရစ်၊ မင်းလှော်၊ မင်းဂုတ်ရွာက ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်ရဲ့ အကြာင်းမဲ့ပစ်သတ်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးမှု (၁၄)ဦး ထိရှိခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)