နိုဝင်ဘာလ ၁၅ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရှိ တုံးဗျောကြီးကျေးရွာအုပ်စု၊ မွေ့ရှောင်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၀၀) ပါ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၁၅)ရက်နေ့၊ မနက် (၈)နာရီခွဲလောက်မှာ ပြည်ထောင်စုလမ်းမကြီးဘက်ကနေ မွေ့ရှောင်ရွာဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့ဘက်က မိုင်းဆွဲတာလောက်ပါဘဲ။ ကျနော်တို့ ပစ်တာမျိုးတော့မရှိဘူး။ စစ်တပ်တွေဘက်ကတော့ ရမ်းသမ်းပစ်တာ။ သူတို့က အင်အား ဖြည့်ဖို့ လာတဲ့ စစ်ကြောင်းပါ” လို့သူကဆိုပါတယ်။
အဲ့ဒီတိုက်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းအရင်းအမြစ်တွေရဲ သတင်းပေးပို့ချက်အရ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး မနက် (၉)နာရီလောက်မှာ စစ်ကောင်စီတပ်တွေရဲ့ ဇဝဲအခြေစိုက် ခမရ(၅၅၆) တပ်ရင်းနဲ့၊ ဆန်းသစ်ရွာရှိ တောင်ပေါ်မှာ လက်နက်ကြီး အထိုင်ချထားတဲ့နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ ပစ်တာက (၃)နေရာကနေ ပစ်တာပါ။ မင်းဂုတ်ရွာမှာရှိနေတဲ့ စစ်ကြောင်းကလည်း လှမ်းပစ်တယ်။ သူတို့က တိုက်ပွဲမဖြစ်လည်း ရမ်းသမ်းပစ်ခတ်တာပါဘဲ” လို့သူကအခုလို ပြောပါတယ်။
အလားတူ နိုဝင်ဘာလ (၁၂)ရက်နေ့၊ နေ့လည် (၂)နာရီ မိနစ် (၅၀)လောက်ကလည်း တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ ပျူစောထီးပူးပေါင်းပါဝင်တဲ့ အင်အား (၇၀)ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၂) နဲ့ တာဝန်ရှိသူကပြောပြပါတယ်။
“ ကျနော်တို့ ဒရုန်းနဲ့ ဗုံးသီးချတာက မင်းဂုတ်ရွာအနီးမှာပါ။ အဲ့ဒီစစ်ကြောင်းမှာက ပျူစောထီးတွေလည်း ပါတယ်။ သူတို့သေတယ်ဆိုတာကလည်း ကျနော်တို့ မျက်မြင်တွေ့ရှိတဲ့သူရဲ့ ပြောပြချက်အရသိရပါတယ်” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၂)၊ တနင်္သာရီတိုင်း ပကဖ( လုံခြုံရေး)တပ်ဖွဲနဲ့ တိုင်းစစ်ဌာနရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad) တို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ခိုမှု (၂)ခုစလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လယ်သစ်ကျေးရွာဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
၂၀၂၃ခုနစ်၊ နိုဝင်ဘာလအတွင်း တနင်္သာရီမြိုနယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်တပ်တွေက စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ ဗုံးကြီးကြဲချတာ၊ မိုင်းဆွဲတိုက်ခိုက်တာနဲ့ အလစ်ဝင်ရောက် ပစ်ခတ်တာတွေကြောင့် စစ်ကောင်စီတပ်တွေဘက်က (၁၅)ဦး သေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – Thanintharyi Defense Organization
Phar Si Than (People’s Radio Myanmar)