နိုဝင်ဘာလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့စက်တင်ဘာလ ကတည်းက နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့နဲ့ (၁၄) ရက်နေ့ ညပိုင်းတွေကလည်း တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇) တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ ချောင်းတောင်ကျေးရွာနဲ့ တံတားဦး ကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး လူထိခိုက်တာတွေတော့ မရှိခဲ့ဘူးလို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
” (၁၃)ရက်နေ့ညကပစ်တယ်၊ ညအစောပိုင်း ၈နာရီကျော်လောက်ကလည်း ပစ်တယ်၊ (၁၄)ရက်နေ့ မနက်ပိုင်း (၆)နာရီကလည်း ပစ်တယ်၊ ညကလည်း ပစ်တယ်၊ တံတားဦးနဲ့ ချောင်းတောင်ဘက်တွေကို၊ လူထိခိုက်တာတွေ မရှိပါဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၈) နာရီလောက်ကလည်း ကျုံဒိုးမြို့ ခမရ (၅၄၆) တပ်ကနေ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ ကမ်းနီကျေးရွာနဲ့ နွားခြံကုန်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
” အဲ့ဒီညက တိုက်ပွဲ မဖြစ်ဘူး၊ ဟို(၁၂)ရက်လောက်တုန်းကလည်း ပစ်တယ်၊ (၁၃) ရက်နေ့ညကလည်း ဒီအတိုင်း ကမ်းနီတို့နွားခြံကုန်းတို့ဘက်ကိုလှမ်းပစ်တာ၊ ည (၉) နာရီလောက်ကဘဲ၊ နှစ်ဆင့်ကွဲတဲ့ဟာတွေနဲ့ပစ်တာ၊ လူထိတာတွေတော့ မကြားမိဘူး၊” လို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ပွဲတွေ အချိန်မရွေး ဖွားလာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အံဖကြီးကျေးရွာနဲ့ အံဖလေးကျေးရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဒူးပလာရာခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)