နိုဝင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပင်လယ်ကမ်းခြေရွာရှိတဲ့ ပညစ်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပညစ်ရွာဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ကမ်းပနီရွာဘက်ကနေ ပညစ်ကျေးရွာဘက်ကို အင်အား (၆၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲက နေအိမ် (၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပညစ်ရွာရှိ ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။
“ ကမ်းပနီကနေ ပညစ်ဘက်ကို ကားလမ်းလည်းရှိပါတယ်။ ရေလမ်းလည်းရှိပါတယ်။ ဟိုဘက်ကတည်းက လာနေတယ်ဆိုတာ ကြားတော့ ကျနော်တို့ လည်းစပြီးရှောင်ပါတယ်။ ၂နာရီလောက်မှာ ရမ်းသမ်းပစ်ခတ်တာတွေကိုလည်း လုပ်တယ်” လို့သူကအခုလိုပြောပါတယ်။
အလားတူ နိုဝင်ဘာလ (၁၃)ရက်နေ့၊ မနက်ပိုင်းမှာလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေက နေအိမ် (၃)ဆောင်ကို ထပ်မံမီးရှို့ပြီး နေအိမ်တွေကနေ တန်ဖိုးရှိ ပစ္စည်းတွေအပြင် ဆိုင်ကယ်(၃)စီးနဲ့ ဘုန်းကြီးကျောင်းက မြေတင် ကားတစ်စီးကိုလည်း ယူဆောင်သွားတယ်လို့ ပညစ်ရွာရှိဒေသခံက ဆက်ပြောပါတယ်။
“ ရွာထဲကို ပြန်ဝင်တဲ့သူတွေက နည်းနေသေးတယ် အတိအကျတော့မသိရဘူး။ အခုက ဆိုင်ကယ်နှစ်စီးကို မီးရှို့ခဲ့ပြီး ကျန်တဲ့ ပစ္စည်းတွေကို ဘုန်းကြီးကျောင်းက မြေတင်ကားနဲ့ သယ်သွားပါတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပညစ်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာတောတောင်တွေနဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာလ (၁၃)ရက်နေ့ နေ့လည် (၃)နာရီခွဲလောက်မှာ ပညစ်ကျေးရွာဘက်ကနေ ပြန်လည်ထွက်ခွာသွားပြီး အခုလက်ရှိမှာတော့ လောင်းလုံမြိုနယ်ရှိ ညင်းမော်ရွာဘက်ကို ရောက်ရှိနေတယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကလည်း လောင်းလုံမြို့နယ်ရှိ ပင်လယ်ကမ်းခြေရွာတွေဖြစ်တဲ့ ကမ်းပနီရွာနဲ့ ကရင်ရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေခံတွေက ပြောပြပါတယ်။
၂၀၂၃ခုနစ်အတွင်း စစ်ကောင်စီတပ်တွေက လောင်းလုံမြို့နယ်ရှိ ညောင်ပြင်ရွာ၊ အောက်ကျောက်ဝပ်ရွာ၊ ကမ်းပနီရွာ၊ ပညစ်ရွာ၊ ကရင်ကြီးရွာ စတဲ့ရွာတွေက နေအိမ် (၂၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)