နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၀၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကျုံဒိုးမြို့ဒေသခံတွေ ဆီက သိရပါတယ်။
နိုဝင်ဘာလ (၉) ရက်နေ့ ည (၈) နာရီကျော်လောက်ကစပြီး ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅) တပ်နဲ့ (၅၄၆) တပ်ကနေ ကျုံဒိုးမြို့အနီးတစ်ဝိုက်ကျေးရွာတွေ ဖြစ်တဲ့ နွားခြံကုန်း၊ ကမ်းနီ၊ ကော့ကာနဲ့ ကော့ကျိုက်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ မရှိခဲ့ဘူးလို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
” ညက တိုက်ပွဲ မဖြစ်ဘူး၊ (၅၄၅)နဲ့ (၅၄၆) က လက်နက်ကြီးသက်သက်ပစ်ထုတာ၊ လူထိတာတွေတေယ့ မကြားရဘူး၊ ပစ်တာကတော့ ကမ်းနီတို့ နွားခြံကုန်းတို့ ကော့ကျိုက်၊ကော့ကာရွာဘက်တွေကို ပစ်တာ၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့အနီး ကော့ကရိတ်မြို့ ဝင်းကြီးရပ်ကွက်ထဲမှာလည်း တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိဘဲ စက်သေနတ်နဲ့ တောက်လျောက်ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
” ကော့ကရိတ် ဝင်းကြီးကွက်သစ်မှာ ညတုန်းက အသေးတွေနဲ့ အတွဲလိုက်ဆွဲတာ၊ ဒီနေ့မနက်လည်း အခြေနေမကောင်းဘူး၊ လမ်းပေါ်မှာ လူတွေလည်းမရှိဘူး၊ မြို့ထဲမှာလည်း လူရှင်းနေတာ၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေလည်း မချိန်မရွေး ဖြစ်ပွားလာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ဘားအံနဲ့ လှိုင်းဘွဲ မြို့မှအပ ကျန်မြို့နယ် (၅) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပသ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေ မကြာခဏ ထိခိုက်ဒဏ်ရာရရှိတာတွေ သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)