နိုဝင်ဘာလ ၈ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့၊ နေ့လည် ၁၂နာရီ မိနစ် ၃၀လောက်မှာ သိမ်းတောကျေးရွာဘက်ကနေ ခမရ (၅၆၁)တပ်ရင်းဘက်ကို လာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်တို့ ညနေ ၆နာရီလောက်ထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ သူတို့က သိမ်တောတပ်ကို ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့အချိန်ဖြစ်တာပါ။ ၄နာရီလောက်မှာ ၅၆၁ကနေ အင်အား ၄၀လောက် စစ်ကူထပ်လိုက်လာတော့ ပွဲက ၆နာရီလောက်ထိဖြစ်သွားတယ်။ ည၇နာရီလောက်မှာလည်း သူတို့ဘက်က လက်နက်ငယ်တွေနဲ့ တစ်ဖက်သတ် ရမ်းပစ်သေးတယ်” လို့သူက အခုလိုပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက် ၅ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ၃ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “ စစ်သားတွေ သေတယ်ဆိုတာက ကျနော်တို့ မျက်မြင်ရော၊ ရွာသားတွေက ထမ်းစင်နဲ့ သယ်သွားတယ်ဆိုတာကို တွေ့ရှိချက်ရော အတည်ပြုလိုက်တာပါ” လို့ သူကပြောပြပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ခမရ (၅၆၁) တပ်ရင်းကနေ သကျက်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ အချက်ရေ အမြောက်အမြား ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ၆၀ မမဗုံးသီး (၇) လုံးနဲ့ MA1 ကျည်ဘောက်တစ်ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကော့သောင်းအခြေစိုက် ခမရ (၄၃၁)၊ မြိတ်အခြေစိုက် ခလရ (၁၀၁)တပ်ရင်း နဲ့ တနင်္သာရီအခြေစိုက် ခမရ (၅၆၁) တပ်ရင်းတွေက ဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေဘက်က နိုဝင်ဘာလ ၇ရက်နေ့မှာ ဗောဓိကမ်းတံတားကို ပိတ်ပြီး ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက်နေ့ကလည်း သိန္ဓောစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ မိနစ် ၃၀လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရှိခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)