နိုဝင်ဘာလ ၁ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့၊ ဝေါ်လေဗျူဟာကုန်းပေါ်က လက်နက်မဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ တပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Freedom Fighter စစ်ကောင်းက အောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က ဝေါ်လေဗျူဟာ ကုန်းပေါ်ကနေ စစ်ကောင်စီတပ်သားအချင်းချင်း ဖိနှိပ်တာကိုမခံနိုင်လို့ လက်နက်မဲ့ထွက်ပြေးလာတဲ့ တပ်ကြပ် တင်ဦးနဲ့ တပ်သားသန်းလွင်တို့ကို အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Freedom Fighter ဌာနချုပ်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ သူတို့နှစ်ယောက်က ဝေါ်လေဗျူဟာကုန်းက ထွက်ပြေးလာတာပါခင်ဗျ ၊ 11.10.2023 ရက်နေ့မှာ ထွက်ပြေးလာပြီး 15.10.2023 မှာ ကျွန်တော်တို့အဖွဲ့က သူတို့ကိုလက်နက်မဲ့ ဖမ်းစီးရမိတာပါ” လို့ သူကပြောပါတယ်။
အဆိုပါဖမ်းဆီးခံရသူတွေကို အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ ပြည်သူ့ပန်းတိုင် (People’s Goal)အဖွဲ့ကို လွဲပြောင်းပေးခဲ့တယ်လို့ reedom Fighter ဌာနချုပ်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
သူက “15 ရက်နေ့ကနေ 31 နေ့ထိ Freedom Fighter စခန်းမှာ စစ်ဆေးမေးမြန်ပြီး ပြည်သူပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်ပြီး ပို့ပေးလိုက်ပါပြီဗျ၊ပြည်သူပန်းတိုင်အဖွဲ့က သိလိုတာတွေ မေးမြန်းပြီး ဆက်လက်တာ၀န်ယူပေးမှာပါ၊ သူတို့ဘ၀သစ်တစ်ခုရသွားတာပေါ့၊” လို့ပြောပါတယ်။
လက်ရှိအချိန် စစ်ကောင်စီတပ်ထဲမှာ တပ်တွင်း အထက်အရာရှိတွေက ခိုင်းစေတာတွေ၊ ကြီးနိုင်ငယ်ညှင်းလုပ်တာတွေနဲ့ နှိပ်စက်တာတွေကြောင့် အခုလို ထွက်ပြေးလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဝေါ်လေဗျူဟာကုန်းပေါ်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ရှိပြီး ၂ လတစ်ခါ ဗျူဟာမှူး အပြောင်းအရွှေ့လုပ်လေ့ရှိကာ လက်နက်ကြီး ဟောက်ဝစ်ဇာ (၁)လက်၊ ၁၂၀ မမ (၁) လက်၊ ၈၁ မမ (၁) လက်၊၆၀ မမ (၁) လက်နဲ့ စနိုက်ပါ (၂)လက် ရှိတယ်လို့ ထွက်ပြေးလာသူတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာလည်း မြဝတီမြို့ တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ ဝေါ်လေဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြဝတီမြို့လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ Cobra စစ်ကြောင်းကို တပ်မ ၄၄ လက်အောက်ခံ ခမရ ၉ က တပ်သားတစ်ဦး စနိုက်ဘာနဲ့ အလင်းဝင်ရောက်လာတာကြောင့် ဘတ် တစ်သိန်း ဆုချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
သတင်း -ကိုဖြိုး
ဓာတ်ပုံ – Freedom Fighter
Phar Si Than (People’s Radio Myanmar)