နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို မောင်းသူမဲ့ လေယာဉ်တွေနဲ့ အကြိမ် ၂၀မက နယ်မြေခံတော်လှန်ရေး အင်အားစုတွေဘက်မှ ဗုံးကြဲ တိုက် ခိုက်ခဲ့တယ်လို့ POAအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ ညောင်ပင်ဂိတ်၊အမှတ်၃ ဂိတ်၊ ခမရ ၉၇တပ်ရင်း၊ ကော့ကရိတ်မြို့မရဲစခန်း၊ ရွှေနတ်တောင် ၊ချောင်းဆုံဘုန်းကြီးကျောင်းနဲ့ မြို့တော်ဦးဘုန်းကြီးကျောင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို နယ်မြေခံတော်လှန်ရေးအင်အားစုတွေဘက်မှ မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ အကြိမ်၂၀ မက ဗုံးကြဲခဲ့တယ်လို့ မြေပြင်ဒရုန်းရဲဘော်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကတော့ ၂၇နဲ့ ၂၈အဓိကဖြစ်တယ် ဒရုန်းနဲ့ဗုံးသွားချတဲ့နေရာတွေကတော့ ခမရ ၉၇ တပ်ရင်းဝန်းကျင်အဲ့အချိန်တုန်းကတိုက်ပွဲဖြစ်တာဆိုတော့ သူတို့တပ်စွဲထားတဲ့ဂိတ်တွေ၃ဂိတ်တို့ ေညာင်ပင်ဂိတ်တို့ မြို့တော်ဦးဘုန်းကြီးကျောင်းရယ် အဲ့လိုမျိုးနေရာ၇နေရာလောက်ရှိတယ် အဲ့ဒီနေရာတွေကို ဗုံးကြဲထားတာအကြိမ်၂၀ထပ်မနည်းဘူး”လို့ သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်နှစ်ဖွဲ့တို့ ၂ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၂၉ရက်နေ့ထိကို စစ်ကောင်စီတပ်ရဲ့ ၉၇တပ်ကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါ တယ်။
“သူတို့ဘကက အဲ့ဒီနေ့တိုက်ပွဲဖြစ်တော့လက်နက်ကြီးတွေ ဖြစ်တာပေါ့ အဓိကကတာ့လက်နက် ကြီးတွေနဲ့တောက်လျှောက်မရပ်မနားတွေပစ်ကြတယ် တိုက်ပွဲအခြေနေမှာတော့ ၂၇၊၂၈၊၂၉အစွန်းလောက်ထိကို လက်နက်ကြီးနဲ့ပြန်ပစ်ပါတယ်” လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကြာအင်းကုန်းရပ်ကွက်က ဒေသခံပြည်သူ၂ဦးနဲ့ တံတားဦးရပ်ကွက်က ဒေသခံ ပြည်သူ၂ဦး သေဆုံးခဲ့ပြီး အခုအချိန်ထိကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“အခြေနေကတော့ မကောင်းဘူးခုထိလက်နက်ကြီးနဲ့ တစ်ချက်တစ်ချက်ပစ်နေတုန်း ဘယ်ကိုပစ်လို့ ပစ်မှန်းမသိဘူးအစ်မသိသလောက်ကတော့ ၄ယောက်သေတယ် ကြာအင်းကုန်းနှစ်ယောက် တံတားဦးနှစ်ယောက် နာမည်တွေအသက်တွေတော့ မသိဘူး”လို့ သူကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြဝတီ-ကော့ကရိတ်အရှလမ်းမကြီးမှာလည်း အရင်က လောက် ကားသွားလာတာမျိုးတွေမရှိတော့ပဲ နည်းပါးသွားတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၄ ရက်နေ့တုန်းကလည်း ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဆင်ကုန်းရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီးစစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးတစ်အပါအဝင် ၆ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့နယ်တစ်ဝိုက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ၂ဦးသေဆုံးကာ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒူးပလယ်ယာခရိုင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ရုပ်သံ – POA
Phar Si Than (People’s Radio Myanmar)