အောက်တိုဘာလ ၃၁ ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာသယ်ယူခွင့် ပိတ်ဆို့တာတွေကြောင့် ဆန်ဈေးနှုန်းတွေမြင့်တက်လာပြီး ဒေသခံတွေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲက ကျေးရွာတော်တော်များများကို စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဆန်ဆိုင်တွေကလည်း ဆန်သယ်ခွင့်ရတဲ့ အပေါ်မူတည်ပြီး အကန့်အသတ်နဲ့ ရောင်းပေးနေရတယ်လို့ ဘန်လောရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ဆိုင်တွေမှာလည်း အရင်ကလို အမျာကြီးဝယ်လို့ မရဘူး။ ဆန်ရောင်းတဲ့ ဆိုင်တွေလည်း တင်လို့ မရဘူးလေ။ စစ်တပ်က အပြီးထိန်းချုပ်ထားတယ်” လို့ သူကအခုလို ပြောပါတယ်။
စစ်ကောင်စီတပ်တွေက တနင်္သာရီမြို့နယ်ရဲ့ အဓိက စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဇဝဲဂိတ်ကို ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ပိတ်ဆို့လိုက်ပြီး ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကိုလည်း အကန့်အသတ်နဲ့ သယ်ယူရတာကြောင့် ရွာတွေဘက်က ဆန်ဆိုင်တွေအနေနဲ့လည်း ဆန်ဝယ်ယူရ ခက်ခဲနေပြီး အခုလို အကန့်အသတ်နဲ့ ရောင်းချပေးနေရတာဖြစ်တယ်လို့ ဘန်လောရွာ ဒေသခံက ဆက်ပြောပါတယ်။
“စစ်တာက ဇဝဲဂိတ်တစ်ခုတည်း မဟုတ်ဘူး။ တခြား ဂိတ်တွေလည်း ရှိတယ်။ ကားတွေပေါ်မှာလည်း တစ်အိတ်ထက်ပိုသယ်လို့မရဘူး။ ကျနော်တို့ ဆန်တစ်ခါဝယ်ရင် ၆ပြည်ဘဲ့ရောင်းပေးတယ်” လို့ သူကပြောပြပါတယ်။
အခုလို စစ်တပ်က ဆန်သယ်ခွင့်ကန့်သတ်လိုက်တာကြောင့် တနင်္သာရီမြို့ပေါ်မှာ ဆန်ကြမ်းတစ်အိတ်ကို ၇၃၀၀၀ ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရွာတွေမှာဆိုရင် ၉၀၀၀၀ ကျော်ပေးရတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ မကြာခဏ စစ်ဘေးတိမ်းရှောင်နေရပြီး စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ အခုနှစ်ထဲတော့ စစ်ဘေးရှောင်လိုက်၊ ရာဘာခြစ်တဲ့သူကလည်း ရာဘာခြစ်ပေါ့။ ကွမ်းသီးကောက်လည်း ကွမ်းသီးက ဈေးမကောင်းဘူး။ အခုလို ဆန်တွေကလည်း လိုသလိုဝယ်လို့မရ၊ ကုန်ဈေးနှုန်းတွေကလည်း တက်လာတော့ အကုန်ဒုက္ခရောက်ကြတာပေါ့” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေက အခုလို ရိက္ခာသယ်ယူခွင့်ကန့်သတ်လိုက်တာက ပြည်သူနဲ့ ကာကွယ်ရေးတပ်တွေအကြား အထင်အမြင် လွဲမှားအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“ စစ်တပ်က သွေးထိုးစမ်းတဲ့ ပုံစံမျိုးလုပ်နေတာ။ ပြည်သူတွေကို ဒီဟာလုပ်ရင် ဒီဟာဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ စစ်ရေးတင်းမာရင် သူတို့ဘက် ထိနာများရင် ပြည်သူတွေ ဒုက္ခရောက်မယ်ဆိုတဲ့ သဘောပေါ့” လို့ သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်ကတည်းက အရှေ့တောနယ်အပြင် စစ်အုပ်ချုပ်ရေးဒေသတွေဖြစ်တဲ့ ပုလောမြိုနယ်နဲ့ တနင်္သာရီမြိုနယ်တွေကိုပါ ဆန်၊ဓာတ်ဆီ၊ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်တွေ ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ရိက္ခာပြတ်လပ်မှုကို အမြဲကြုံတွေ့နေရတယ်လို စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)