အောက်တိုဘာလ ၃၀ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပရပ်ဒပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံရတဲ့ နေအိမ်ပြာပုံတွေထဲက အလောင်းသုံးလောင်း တွေ့ရှိခဲ့တယ်လို့ ရေဖြူမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ (၁၉)ရက်နေ့ကတည်းက ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာပြီး တစ်ရွာဝင် တစ်ရွာထွက်မီးရှို့ကာ အောက်တိုဘာလ (၂၅)ရက်နေ့ မှာ ပရဒပ်ရွာက နေအိမ် သုံးဆောင်လောက်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ရေဖြူမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ ၂၀ရက်နေ့ကတည်းက မူးဒူး၊ ဘဝါရွာတွေမှာ ရှို့တယ်။ ပြီးတော့ ခြိမ်းခြောက်တဲ့စာတွေရေးခဲ့တယ်။ အခုရှို့လိုက်တဲ့ အိမ်တွေက PDFတွေနဲ့ မဆိုင်ဘူး။ ပြည်သူအိမ်တွေဘဲ့” လို့ သူကပြောပါတယ်။
အောက်တိုဘာလ (၂၆)ရက်နေ့၊ နံနက်ပိုင်းမှာတော့ မီးရှို့ခံထားရတဲ့ အလောင်းတွေကို ဒေသခံတွေက ပြာပုံထဲကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
မီးရှို့ခံခဲ့ရတဲ့ သူတွေက ပရဒပ်ရွာက ဦးအောင်နွယ်နဲ့ ဦးအောင်ဝင်းနိုင်တို့ဖြစ်ပြီး တစ်ဦးကတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ ရုပ်လောင်းသုံးလောင်းထဲက အမျိုးသားတစ်ဦးရဲ့ အလောင်းမှာတော့ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေရှိနေတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံကဆိုပါတယ်။
“ အလောင်းတွေက နှစ်ယောက်ကိုဘဲ ပြောလို့ရတယ်။ တစ်ယောက်က ယောက်ျားလား၊ မိန်းမလားမှန်းတောင်မသိဘူး။ ကျနော်ထင်တာက ဖမ်းပြီးမှ ရိုက်ပြီး မီးရှို့ခဲ့တာထင်တယ်။ သတ်ပြီးမှဘဲ့ မီးရှို့တာလား။ အရှင်လတ်လတ်ဘဲ့ ရှို့ခဲ့တာလားမသိဘူး” လို့ သူကအခုလိုပြောပြပါတယ်။
အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ (၂၅) ရက်နေ့၊ နေ့လည်ပိုင်းလောက်ကတည်းက ပရဒပ်ရွာကို နယ်မြေရှင်းလင်းရန် ရောက်ရှိနေတာဖြစ်ပြီး ပရပ်ဒပ်ရွာက ဒေသခံ ၁၀ဦးလောက်ကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာလ (၂၅) ရက်နေ့ ညနေပိုင်းမှာ ထိန်းကြီးရွာရှိ ဘောလုံးကွင်းအနီးမှာ ရိုက်နှက်နှိပ်စက်ခံရပြီး သတ်ဖြတ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပေမယ့် ဘယ်သူ၊ဘယ်ဝါဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
“အဖမ်းခံရတဲ့သူတွေက ပြန်လွတ်လာပါပြီ။ ၂၅ရက်နေ့ ညနေလောက်ဘဲ့ ပြန်လွတ်လာခဲ့ပါတယ်။ တချို့က ထွက်ပြေးလာတာ။ တချို့ကတော့ စစ်တပ်ကလွှတ်ပေးလို့ လွတ်လာတာပါ” လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်အခြေစိုက်တပ်ရင်းတွေနဲ့ ရေဖြူ၊ ကလိန်အောင် အခြေစိုက်တပ်ရင်းတွေက ဖြစ်တယ်လို သိရပါတယ်။
စစ်ကောင်စီတပ်တွေက ရေဖြူမြိုနယ်ထဲကို ပြီးခဲ့တဲ့ ဩဂုတ်လထဲက ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာ (၇)ရွာက နေအိမ် (၃၀)ကျော်နဲ့အထက် မီးရှိဖျက်ဆီးခံခဲ့ရပြီး စစ်တပ်ရဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုတွေကြောင့် ရေဖြူမြို့နယ်က ဒေသခံ (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)