အောက်တိုဘာလ ၂၇ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ကျွဲမင်းကုန်းရွာမှာ မြေမြှပ်အလောင်းဖျောက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၂၅ရက်နေ့မှာ သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား ၅၀ပါ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ဘေးရှောင်ထွက်ပြေးနေတဲ့ အဲ့ဒီဒေသခံကို ကျောက်ခမောက်ရွာ လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ရငဲရွာဒေသခံတစ်ဦးက ပြောပါတယ်။
“ လမ်းမှာသွားနေတုန်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရတာပါ။ စစ်ဘေးရှောင်နေရင်း ရွာထဲကို လိုအပ်တဲ့ ပစ္စည်းဝင်ယူတဲ့အချိန် ပါသွားတာ” လို့ သူကပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်တွေက ကျောက်ခမောက်ရွာကနေ ကျွဲမင်းကုန်းရွာထိ စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်သွားပြီး ကျွဲမင်းကုန်းရွာ အရောက်မှာတော့ ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့သူက ရငဲရွာက လူငယ်အရွယ် မောင်ညီညီဖြစ်တယ်လို့ သိရပါတယ်။ နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ အလောင်းကိုတော့ အောက်တိုဘာလ ၂၆ရက်နေ့ မနက်မှာ ကျွဲမင်းကုန်းရွာထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံက ဆက်ပြောပါတယ်။
“ အလောင်းမှာလည်း ရိုက်ထားတဲ့ ဒဏ်ရာတွေနဲ့။ ညိုမဲစွဲနေတာတွေလည်း အများကြီး။ ပြီးတော့ သဲတွေနဲ့ ဖုံးခဲ့တယ်” သူကအခုလို ပြောပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ရက်နေ့ကလည်း ရငဲရွာက အသက် ၂၀ကျော်အရွယ် အမျိုးသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရပြီး အသတ်ခံလိုက်ရပြီးလို့ သတင်းတွေထွက်နေတဲ့ ဘုန်းကြီးတစ်ပါး အပါအဝင် စစ်ရှောင်နေရတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှုတွေနဲ့ ဒေသတော်လှန်ရေးတပ်တွေရဲ့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို အရပ်အဖက် အဖွဲအစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၄၆၅၉ဦးလောက် ရှိတယ်လို့ AAPPရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)