အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်စစ်ကောင်စီတပ်ရဲ့ ခလရ (၃၂)တပ်ရင်းကို နယ်မြေခံတော်လှန်ရေး အင်အားစုမှ ဒရုန်းဗုံးသီး(၂) လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကြာအင်းဆိပ် ကြီးမြို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ ည၁၀နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၃၂)တပ်ရင်း ကို နယ်မြေခံတော်လှန်ရေးမှ ဒရုန်းဗုံးသီး၂လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တပ်တွင်းရိပ်သာအဆာက်အအုံပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေဘက်မှ ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ ကြာအင်းဆိပ်ကြီးမြို့ကဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“၃၂ ခြေလျင်တပ်ရင်း ၂လုံးတယ် အထိခိုက်တော့မရှိဘူးဒီမနက်ကတော့ ဘာမှထူးခြားတာတော့မရှိဘူး ရိပ်သာအဆောက်အဦးပေါ်လူတွေတော့အဲ့ဒီမှာနေကြတယ် သူတို့ကဒရုန်းသံကြားတာနဲ့ ပြေးပြီးလေ ပုန်းမဲ့နေရာကို အဆောက်အဦးတော့ ပျက်စီးတယ်”လို့ သူကပြောပါတယ်။
စစ်ကောင်းစီတပ်ကို ဒရုန်းနဲ့ဗုံးမကြဲချခင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုး လုပ်ဆောင်ခဲ့သလိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီးချိန်မှာလည်း စစ်ကောင်စီဘက်မှာ ၁၂၀ မမ ၃လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေမှာ ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်တာမျိုးတော့မရှိဘူးလို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ကျတာကတော့ ဘယ်မှာကျလည်းမသိဘူး ဝေးတော့ဝေးတယ် ဒရုန်းက၂လုံးပဲချတာ လက်နက်ကြီးက၃လုံး ပစ်တယ် အနောက်ဘက်ကမ်းမှာကျတယ် ရေသံနဲ့ ဆိုတော့အသံအကျယ်ကြီးပဲ ပထမတစ်လုံးကျတာကတော့ မြေပါတုံတယ် တော်တော်အသံကျယ်တယ် ၁၂၀တောင်ဟုတ်ရဲ့လားမသိဘူးပထမဒရုန်းလာတော့သူတို့ လှမ်း ပစ်သေးတယ်”လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ အဝင်အထွက်ဂိတ်၂ခုမှာ စစ်ကောင်စီတပ်သား၁၀ ယောက်လောက်နဲ့ ဂိတ်အထိုင်ချထားကြပြီး ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူတွေသာမကပဲ ကြာအင်းဆိပ်ကြီးမြို့ ကဒေသခံပြည်သူတွေကိုပါ အခုအောက်တိုဘာလကစပြီး စစ်ဆေးမေးမြန်းတာတွေပိုမိုတင်းကြပ်လာတဲ့သူကဆက်ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်လက်အောက်ခံBGF တပ်ဖွဲ့ဝင်တွေမှာလည်း ခန့်မှန်းအင်အား၁၅ယောက်ကို ကား၂စီးနဲ့ နေ့ရောညပါကင်းလှည့်စစ်ဆေးနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ၂၂ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာ မှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကြာအင်းဆိပ်ကြီးရဲ့အမြှောက်တပ်ကနေ နေ့လည်၂ နာရီကနေ ညနေ၅ နာရီလောက်ထိကို လက်နက်ကြီးနဲ့ ပစ်ကူခဲ့သလို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းကစစ်ကောင်စီတပ် လက်အောက်ခံဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ မကြာခဏဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်ခံနေရတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာသြဂုတ်လ၊စက်တင် ဘာလနဲ့ အောက်တိုဘာလအထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ်၅ခုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်မှ၁၀ဦးထပ်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar)