အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာနဲ့ ဆင်ကုန်းရွာဘက်ကို တပ်မ ၄၄ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် (၆) ဦးသေဆုံးကာ (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မနက် ၃ နာရီ ၃၀ လောက်က ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ် ၂၀၇ တပ်ရင်း ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကိုအပါအဝင် (၆) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိခဲ့ပြီး ည ၁၁ နာရီကျော်တဲ့အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ကော့ကရိတ်မှာ ဒီနေ့မနက်မှာတော့ ငြိမ်နေပါတယ်၊ ညကတော့ ၁၁ နာရီကျော်တဲ့အထိ ပစ်တယ်၊ ၂၀၇ တပ်ရင်းမှူးသေတယ်၊ သူတို့ဘက်က ၆ ယောက်သေတယ်၊ ၈ယောက်ဒဏ်ရာရတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လည် ၁နာရီ၃၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်ဘက် လေယာဥ်နဲ့ဗုံးကြဲတာတွေ ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
” လေယာဥ်နဲ့ လာကြဲတယ်၊ ၁၅ မိနစ်လောက်ကြာတယ်၊ မနက်က သူတို့ဘက်က ထိတယ်ကြားတယ်၊ လေယာဥ်ပစ်တာက အာရှလမ်းဘက်၊ကော့နွဲ့ဘက်၊တံတားဦးဘက်မှာ၊ အသိဦးလေးကြီးတစ်ယောက်ကတော့ အလောင်းတွေ လာကောက်သွားတာတွေ့တယ်လို့ ပြောတယ်၊” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိခဲ့ဘူးလို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
” ကျွန်တော်တို့ တိုက်ပွဲနားတော့ လေယာဥ်နဲ့သွားပစ်တယ်၊ လေယာဥ်နဲ့ပစ်ပြီးတော့ သူတို့ဘက်က လေယာဥ်နဲ့လာ ပတ်ပစ်တော့ ကျွန်တော်တို့ ပုန်းတာပေါ့နော်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လောလောဆယ်တော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဘေးကင်းပါတယ်၊” လို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက ဘားအံနဲ့လှိုင်းဘွဲမှအပ ကျန်မြို့နယ် (၆) မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေလည်း နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Kloud
Phar Si Than (People’s Radio Myanmar)