အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး ကော့ကရိတ်မြို့၊ မြို့တော်ဦးရပ်ကွက်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောက်သီတပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
” မနက် ၅ နာရီထဲက ပစ်ကြတာ၊ မြို့တော်ဦးမှာ၊ အဲ့ဒီမှာက စစ်တပ်စခန်းတစ်ခုရှိတယ်၊ လက်နက်ကြီးကော အသေးကောပါတယ်၊ ၉၇ ကနေလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်၊ တစ်ချက်မှ မနားဘူး၊ ရမ်းပြီးလိုက်ပစ်နေတယ်၊ ပတ်ပတ်လည်ဘဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲမဖြစ်ပွားခင် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲလောက်ကလည်း ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာ နာရီဝက်နီးပါး လေယာဥ်ပျံဝဲတာတွေ ရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
” ညက ၈ နာရီခွဲလောက်က လေယာဥ်ပျံတာ၊ တော်တော်တော့ကြာတယ်၊ ဗုံးကြဲတိုက်ခိုက်တာမျိုးတော့မရှိပါဘူး၊ ကော့ကရိတ်နဲ့ ကျုံဒိုးနားမှာဘဲ လေယာဥ်ဝဲတာ၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက် ချောင်းတောင်၊ကော့နွဲ့၊ ကြောင်လျှာကုန်း၊ မြို့တော်ဦး၊တံတားဦးနဲ့ တောင်ကြာအင်းကျေးရွာဘက်တွေမှာ စစ်ကောင်သီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ လက်ရှိအချိန်မှာ ပွဲကဖို့ပြင်ဆင်နေတယ်၊ လက်နက်စုဆောင်းနေတာတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့ ရဲဘော်တွေကလည်း အာရှလမ်းမပေါ်က ရှေ့တန်းတွေမှာ အဆင်သင့်အနေအထားနဲ့ ရှိနေပါတယ်၊” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်ထဲက ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှအပ ကျန်မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေလည်း နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)