အောက်တိုဘာလ ၂၃ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မူးဒူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် နောက်တစ်ကြိမ် တရွာလုံးကို ပြာကျမယ်လို့ ခြိမ်းခြောက်ထားတဲ့ စာတွေကို နံရံတွေပေါ်မှာ ရေးသားခဲတယ်လို့ ရေဖြူမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၁၉ရက်နေ့ကတည်းက ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်လာပြီး အဲ့ဒီထဲက စစ်ကြောင်းတစ်ခုက အောက်တိုဘာလ ၂၀ရက်နေ့ မနက်ပိုင်းလောက်မှာ မူးဒူးရွာက နေအိမ် ၁၉လုံးနဲ့ တဲတစ်ဆောင်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ စစ်ကြောင်းက ရေလိုင်၊ ပုဂေါဇွန်းဘက်က တစ်ကြောင်း၊ ကံပေါက်ဘက်က တစ်ကြောင်း၊ နောက်တစ်ခုက လောင်းလုံမြို့နယ်ဘက်ကနေ လာတာက တစ်ကြောင်း ထိုးလာတာ။ မီးရှို့ခံရတဲ့ အိမ်က ၁၉ဆောင်၊ တဲတစ်လုံးလည်းပါတယ်” လို့ သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၂၀ရက်နေ့ ညနေပိုင်းလောက်မှာဘဲ့ ပြန်လည်ထွက်ခွာ သွားခဲ့ပြီး အောက်တိုဘာလ ၂၂ရက်နေ့ မနက်ပိုင်းမှာတော့ ရွာသားအချို့ ရွာထဲကို ပြန်ဝင်တဲ့အချိန် အိမ်တော်တော်များများက နံရံတွေမှာ ခြိမ်းခြောက်ထားတဲ့ စာတွေကို ရေးသားထားတယ်လို့ မူးဒူးရွာရှိ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ ခြိမ်းခြောက်စာတွေက နံရံတွေမှာလည်း ရေးခဲ့တယ်။ စာတစ်စောင်လည်း ထားခဲ့တယ်။ စစ်သားတွေ ကိုယ်တိုင်ရေးခဲ့တာ။ စစ်ကြောင်းမှာ မူးဒူး ဥက္ကဌသားလည်း ပါတယ်။ သူလုပ်ခဲ့တာပေါ့နော်” လို့ သူကအခုလိုပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေက နေအိမ်တွေက ရွှေ၊ငွေတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေအပြင် ဘုရားသာသနာပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ အခုလို ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မူးဒူး၊ ပုဂေါဇွန်း၊ ရလိုင်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ကုန်းသာယာအင်း၊ ရငဲ၊ ဧကနိ၊ ဆန်းချီ စတဲ့ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်အခြေစိုက်တပ်ရင်းတွေနဲ့ ရေဖြူ၊ ကလိန်အောင် အခြေစိုက်တပ်ရင်းတွေက ဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိအချိန်မှာတော့ အဲ့ဒီ စစ်ကောင်စီတပ် စစ်ကြောင်းက ဘဝါရွာဘက်က နေအိမ်တွေကို မီးရှို့နေတယ်လို သိရပေမယ့် အသေးစိတ်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်တွေက ရေဖြူမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဩဂုတ်လထဲက ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာ ၇ရွာက နေအိမ် ၃၀ကျော်နဲ့အထက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)