အောက်တိုဘာလ ၂၁ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာသုံးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုလာလ ၁၇ရက်နေ့က ရငဲရွာအနီးမှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ရငဲရွာထဲကို ဝင်ရောက်ကာ နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“ မိုင်းဆွဲခံရပြီးတော့ ရွာထဲကို မီးဝင်ရှို့တာ။ အဲ့ဒီမီးရှို့ထားတဲ့ နေရာတွေအနီးမှာ သွေးတွေကိုလည်း သဲနဲ့ ဖုံးပစ်ခဲ့တယ်။ အိမ် ၃ဆောင်လည်း ပြာကျသွားတယ်။ စစ်ကြောင်းက ဝင်းဝရဲစခန်းကို ပြန်ဆုတ်သွားတယ်။ အခုလအတွင်း ရငဲရွာထဲ မီးရှို့ခံနေရတာ ၂ကြိမ်ရှိပြီ” လို့ သူက အခုလိုပြောပါတယ်။
ရငဲရွာထဲကို ဝင်ရောက်မီးရှို့ခဲ့တဲ့ အင်အား ၅၀လောက်ပါ စစ်တပ်စစ်ကြောင်းက အောက်တိုဘာလ ၁၈ရက်နေ့မှာတော့ ဝင်းဝရွာကနေတဆင့် သိမ်ကုန်းရွာကို ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်အများအပြားကို မွှေနှောက်ရှာဖွေပြီး ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တစ်လုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
“ ဝင်းဝရဲစခန်းကနေ မနက်ပိုင်းလောက်မှာ ရငဲဘက်ကိုဦးတည်လာတယ်။ လမ်းတစ်လျှောက်လည်း ရမ်းသမ်းပစ်ခတ်တယ်။ သိမ်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ ခနနားပြီး ရွာထဲက လူနေအိမ်တွေကို ဝင်မွှေတာ” လို့သူက ပြောပြပါတယ်။
အောက်တိုဘာလ ၁၉ရက်နေ့မှာတော့ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာမှာ အင်အား ၅၀ပါ စစ်တပ်စစ်ကြောင်းက ဝဲရစ်ရွာသို့ရောက်ရှိလာပြီး နေအိမ်နှစ်လုံးနဲ့ တဲတစ်ဆောင်ကို မီးရှို့ဖျက်ဆီးကာ နေအိမ်အများအပြားကိုလည်း မွှေနှောက်ဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၀ရက်နေ့ မနက်ပိုင်းမှာတော့ ကမြိုင်ကျေးရွာကို ရောက်ရှိနေပြီး ဒေသခံ ငါးဦးလောက်ကို ဖမ်းဆီး သွားတယ်လို့ ဝဲရစ်ရွာရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်မြို့အခြေစိုက် ခမရ (၄၀၂)၊ သရက်ချောင်းအခြေစိုက် ခမရ (၄၀၃)၊ ခမရ (၄၀၄)တပ်တွေက ဖြစ်ပြီး တရွာဝင်တရွာထွက် မီးလိုက်ရှို့နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် သိမ်ကုန်း၊ ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ကျောက်ခမောက် စတဲ့ရွာက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တောတောင်တွေနဲ့ အမျိုးအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အခုလက်ရှိချိန်မှာတော့ သရက်မြို့နယ်အတွင်း ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေတင်းမားနေပြီး စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၂၀၀ကျော်နဲ့အထက် ရှိခဲ့တယ်လို့ တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)