အောက်တိုဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၄၄နှစ်ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မ ၅ခုနဲ့ စွပ်စွဲကာ တရားစွဲဆိုထားပြီး ပုဒ်မ ၅ခုထဲက ၅၀(ည) ပုဒ်မတစ်ခုအတွက် ထောင်ဒဏ် ၁၂နှစ်ကိုတော့ ၂၀၂၃ခုနစ် မေလက ချမှတ်ခဲ့ကာ အောက်တိုဘာလ ပထမအပတ်မှာတော့ အပြီးချမှတ်လိုက်တာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ ပထမက ၁၂နှစ်ဘဲ ချထားသေးတယ်။ ၅၀(ည) က ၂ခုပါတယ်။ တကယ်တော့ တရားရုံက မတရားစွပ်စွဲပြီး တပ်ချင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲပြီး ထောင်ချတာ” လို့ သူကအခုလိုပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူဟာ ထားဝယ်မြို့ပေါ်က အသက် ၃၇နှစ်အရွယ် မယဉ်ယဉ်ချိုဖြစ်ပြီး ထားဝယ်ထောင်မှာ ဖမ်းဆီးထောင်ချခံရတဲ့ အမျိုးသမီးတွေထဲမှ အမြင့်ဆုံး ထောင်ဒဏ်ကို ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့ DPPNရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ကျနော်တို့လည်း ကြားကြားချင်း မယုံနိုင်အောင်ဖြစ်သွားတယ်။ အမျိုးသမီးတွေထဲမှာဆို သူက ထောင်ဒဏ်အများဆုံးဘဲ့လေ။ တရားစွဲထားတဲ့ ပုဒ်မတွေကလည်း နောက်ထပ် ထောင်ဒဏ်ချမယ်ဆိုရင် ထပ်ချလို့ ရသေးတဲ့ ပုဒ်မတွေတောင်ပါနေတယ်” လို့ သူကပြောပြပါတယ်။
အဆိုပါ အမျိုးသမီးကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေက ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀(ည) နှစ်ခုအတွက် ထောင်ဒဏ် ၂၂နှစ်၊ အကြမ်းဖက်မှု ကျူးလွန်ခံရသူကို သေစေလိုမှု သို့မဟုတ် နာကျင်စေလိုမှုဆိုင်ရာ ပုဒ်မ ၅၄အတွက် ထောင်ဒဏ် ၁၂နှစ်၊ အကြမ်းဖက်အုပ်စုကို အားပေးကူညီရာရောက်တဲ့ ငွေကြေးထောက်ပံ့မှု ပုဒ်မ ၅၁အတွက် ၄နှစ်၊ ပုဒ်မ ၅၂ အတွက် ထောင်ဒဏ် ၆နှစ် စုစုပေါင်း ၄၄နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအမျိုးသမီနဲ့ မိသားစုဝင်တွေကို ၂၀၂၃ခုနစ် ဇန်နဝါရီလက နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းကြာမှာတော့ မိသားစုဝင်တွေ ပြန်လွတ်လာခဲ့ပေမယ့် မယဉ်ယဉ်ချိုနဲ့ မောင်ဖြစ်သူက အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခံလိုက်ရတာဖြစ်တယ်လို့ မယဉ်ယဉ်ချိုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မယဉ်ယဉ်ချိုရဲ့ မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းကိုလည်း ထားဝယ်ခရိုင်တရားရုံးက အကြမ်းဖက်ပုဒ်မ ၃ခုနဲ့ ထောင်ဒဏ် ၂၂နှစ် အခု အောက်တိုဘာလမှာဘဲ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
မယဉ်ယဉ်ချိုနဲ့ နီးစပ်သူက “ ဒီနှစ်အစမှာ စစ်တပ်က တအိမ်လုံးကို လာဖမ်းသွားတယ်။ သူ့ဆွေမျိုးတွေလည်း ဖမ်းခံရသေးတယ်။ ၃၊ ၄ရက်လောက်ကြာတော့ ကျန်တဲ့ သူ အကုန် ပြန်လွတ်လာပြီး သူတို့နှစ်ယောက်ဘဲ ကျန်ခဲ့တယ်။ လက်နက်တွေ၊ ဒရုန်းတွေ အိမ်ထဲမှာ မိတယ်ဆိုပြီး စွပ်စွဲတယ်” လို့ သူက အခုလိုပြောပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသူ ၆၀ဦးလောက်ရှိပြီး အမိန့်ချခံထားရသူတွေဟာ ထောင်ဒဏ်၁၅နှစ်အောက်တွေဖြစ်တာကြောင့် မယဉ်ယဉ်ချိုက ထောင်ဒဏ်အများဆုံး ကျခံရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေထဲမှာလည်း ထောင်ဒဏ် နှစ်၄၀နဲ့ အထက် ချမှတ်ခံထားရသူ ၂ဦးနဲ့ တသက်တကျွန်း ချမှတ်ခံထားရသူ ၂ဦးရှိတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၂၅၃၁၉ဦးရှိပြီး သေဒဏ် ချမှတ်ခံထားရသူ ၁၅၆ ဦးရှိတယ်လို့ AAPPရဲ့သတင်း အချက်အလက်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)