အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာမှာ စစ်ကောင်စီတပ်သတင်းပေးသူတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ရက်နေ့ မနက် ၁၁ နာရီလောက်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အသက် ၄၆နှစ်အရွယ် အငယ်တန်းစာရေး ညီညီနိုင်ဆိုသူဖြစ်ပြီး နားထင်နဲ့ ကျောဘက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
” သူသေ တော့ ဘေးက ရာဘာခြံ က သနက်သံကြားလို့ သွားအကြည့်မှာ သူသေ နေတာ တွေ့ရတယ်၊ သူကရာဘာခြုံ တစ်ဖက် မှာ pdfတွေရှိတာကိုသိနေတယ်၊အဲ့ဒါကို သွားရှာပြီး ဒလန်လုပ်နေတုန်းဖြစ်သွားတာ၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ပစ်ခတ်ရှင်းလင်းခံရသူမှာ စစ်ကောင်စီတပ်သတင်းပေးလုပ်နေသလို သူ့ကြောင့်လည်း ကော့ကရိတ်မြို့ထဲမှာ ဖမ်းဆီးခံရတာတွေရှိခဲ့ကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က သဂြိုလ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
” မနေ့က သဂြိုလ်လိုက်တယ်၊ သူ့ကို ခေါ်သွားတဲ့ လုတွေက phone password မေးတာ မဖြေလို့ ပစ်သတ်လိုက်တယ်လို့ပြောကြတယ်၊ သူ့ကြောင့်ကော့ကရိတ်ကလူတွေ အများကြီး ဖမ်းခံနေကြရတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့တွေမှာ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ် သတင်းပေးသူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရတာကြောင့် အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ၁၀ ဦးနီးပါး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မြဝတီမြို့ ပြည်သူ့ဆေးရုံက ဝန်ထမ်းအကူ ကိုသန်းစိုးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ – PAN Channel
Phar Si Than (People’s Radio Myanmar)