အောက်တိုဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀လောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၁၇ရက်နေ့၊ နံနက် ၇နာရီ ၂၀မိနစ်လောက်မှာ သရက်ချောင်းဘက်ကနေ ရငဲရွာဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းကို ကတွဲနဲ့ ရငဲရွာကြားမှာ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀လောက်ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ အဲ့ဒီစစ်ကြောင်းက သရက်ချောင်းဘက်ကနေလာပြီး ရွာတွေထဲမှာ ဝင်မွှေနေတဲ့ စစ်ကြောင်းပါ။ အဲ့စစ်ကြောင်းမှာ ၄၀၂တပ်က စစ်ကြောင်းမှူးပါတယ်။ ၄၀၄ ကလည်း ဗိုလ်အဆင့်တစ်ယောက်ပါသေးတယ်။ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်နေတာအကြာကြီးဘဲ့” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးပြီး ၁၀ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အလားတူ အောက်တိုဘာလ ၁၇ရက်နေ့၊ မနက် ၁၀နာရီ ၁၅မိနစ်လောက်မှာ ရငဲရွာကနေ ထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို ဝဲရစ်နဲ့ သိမ်ကုန်းရွာကြားမှာ နောက်ထပ်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှု ၅မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ပထမကြိမ် မိုင်းဆွဲခံရပြီး ရငဲရွာကိုဝင်သွားတယ်။ အိမ်တွေကို မီးရှို့ခဲ့တယ်။ ပြီးတော ဝဲရစ်ဘက်ကို ထွက်လာတဲ့အချိန် အယောက် ၃၀တောင်မပြည့်တော့ဘူး။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဘက်က ဒုတိအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သူတို့မိုင်းဆွဲခံရတဲ့ ဝန်းကျင်မှာ ဆေးအိတ်အခွံတွေ တွေ့ရတယ်။ သွေးတွေကိုလည်း သဲနဲ့ ဖုံးသွားတယ်” လို့ သူက အခုလိုပြောပါတယ်။
တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတွေနဲ့ သေဆုံးသူအလောင်းတွေကို သယ်ရန်လာတဲ့ သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာ ရဲစခန်းက ကျောက်ကားကြီး ၂စီးကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေဘက်မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တတိယအကြိမ်မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မဟာမိတ်ပူပေါင်းအဖွဲ့ရဲ့ ရဲဘော်တစ်ဦးက ပြောပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်မြို့အခြေစိုက် ခမရ (၄၀၂)၊ သရက်ချောင်းအခြေစိုက် ခမရ (၄၀၃)၊ ခမရ (၄၀၄)တပ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းက သိမ်းကုန်းရွာ ဘုန်းကြီးကျောင်းကိုရောက်ရှိနေပြီး လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)