အောက်တိုဘာလ ၁၈ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ Kloud အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီတပ်လက်အောက်ခံ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို Kloud အဖွဲ့၊ Angry bird Drone Ranger ၊ Power Of Abibal(POA)အဖွဲ့နဲ့ တောင်ငူခရိုင်တပ်ရင်း ၃၅၀၂ တပ်ခွဲ (၁) Drone အဖွဲ့တွေက ဒရုန်း ၂ စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အခုလို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်လက်အောက်ခံ ထွေအုပ်ရုံးနဲ့ ရဲစခန်းတည့်တည့်ကို ဗုံးသီးချတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ Kloud အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” သွားတိုက်တာကတော့ ကော့ကရိတ်မြို့နယ်ထဲက ထွေအုပ်ရုံးနဲ့ ရဲစခန်းကို တိုက်ခိုက်တာ၊ အခုနောက်ပိုင်း up to date သိရတာပေါ့နော်၊ စစ်ကောင်စီဘက်ကတစ်ယောက် သေတယ်လို့တော့ သိရတယ်ရှင့်၊ ကျွန်မတို့ drop ချတာက လေယာဥ်တစ်စီးကို ဗုံးတစ်လုံးဘဲ တပ်ထားတယ်၊ ထွေအုပ်ရုံးကိုဗုံးတစ်လုံး၊ရဲစခန်းကို တစ်လုံးပေါ့နေယ်၊ တိတိကျကျ ချနိုင်ခဲ့တယ်၊ ” လို့ Kloud အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိခိုက် ဒဏ်ရာရရှိတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
နောက်ပိုင်းမှာလည်း စစ်ရေးအရှန်မြင့်တင်လုပ်ဆောင်သွားမှာ ဖြစ်သလို ဒေသခံပြည်သူတွေ ရှိတဲ့နေရာမျိုးမှာတော့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။
သူက ” ထပ်ပြီးတော့လည်း ကျွန်မတို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြှင့်သွားဖို့ရှိတယ်၊ အဓိကကတော့ ကျွန်မတို့ ပြည်သူလူထုရှိတဲ့နေရာကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး၊ ပြည်သူလူထုနဲ့ လွတ်ကင်းတဲ့နေရာမှန်သမျှကို စစ်ရေးအရှိန်မြှင့်တင်သွားမယ်၊” လို့ ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောဂ်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က ချောင်းတောင်၊ကော့နွဲ့၊ တောင်ကြာအင်း၊ အံဖကြီးနဲ့ ကြောင်လျှာကုန်းကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“လက်နက်ကြီးက ရွာဘက်တွေကို ညတိုင်းပစ်နေတာ၊ ညကလည်း ၉၇ ကနေ ချောင်းတောင်တို့ ကော့နွဲ့တို့ဘက်ကိုပစ်််တယ်၊ ၈နာရီကျော် ၉ နာရီလောက်က၊ လူထိတာတွေတော့မကြားမိသေးဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ဖာပွန်၊သံတောင်၊ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့တွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်ဂိတ်တွေ မကြာခဏ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတွေ၊ ဝင်ရောက်ပစ်ခတ်ခံနေရတာတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတွေ မကြာခဏသေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Kloud
Phar Si Than (People’s Radio Myanmar)