အောက်တိုဘာလ ၁၇ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်အရွယ်အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၁၆ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်လောက်မှာ မော်တုန်းရွာအခြေစိုက် အမတ (၃၀၆) ကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အနောက်မော်တုံးရွာ၊ အရှေ့စု၊ အနောက်စု၊ ထုံနွယ်ရွာ၊ မြို့ဟောင်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အချက်ရေ ၃၀ကျော်လောက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“ လက်နက်ကြီးကတော့ အမြဲလိုလိုပစ်တာပါ။ ညကပစ်တာက အချက်ရေများလွန်းလို့ အတိအကျတောင်မမှတ်မိတော့ဘူး။ ပြောရရင် ၃၀တော့ကျော်တယ်။ သူတို့က တပ်ရင်းနားမှာ ရှိတဲ့ ရွာတွေကို လှည့်ပစ်တာ” လို့ သူကအခုလိုပြောပါတယ်။
ည ၇နာရီလောက်မှာတော့ မော်တုံးရွာအုပ်စုထဲရှိ မြို့ဟောင်းရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲ့ဒီအိမ်က အသက် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကို လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မော်တုန်းရွာအနီးရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သေသွားတဲ့ တစ်ယောက် မြို့ဟောင်းရွာက ယောက်ျားလေးပါ။ အိမ်ပေါ်တည့်တည့်ကျတော့ လူကိုချက်ချင်းမှန်ပြီး သေသွားတာပါ။ သူ့မိန်းမမှာလည်း ကျည်ရှထိဒဏ်ရာရတယ်” လို့ သူကအခုလိုပြောပြပါတယ်။
မနေ့ညက စစ်ကောင်စီတပ်ဟာ ည၉နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဥယျာဉ်ခြံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဘန်လောရွာဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်နေတာကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဘန်လောရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်၊ ညောပင်ကုန်း၊ တမုတ်ချုံး၊ လယ်တောင်ယာ၊ မြို့ဟောင်းရွာ၊ အနောက်မော်တုန်းရွာ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “ လက်နက်ကြီး ပစ်ရင်တော့ ရှေုာင်လိုက်တယ်။ နဲနဲငြိမ်ရင် ပြန်လာလိုက်နဲ့ အဲ့လိုလူတွေလဲရှိတယ်။ တချို့တွေကတော့ ပြန်မလာတော့ဘဲ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ပြည်သူတွေက အမြဲတမ်းစစ်ရှောင်နေရတော့ လုပ်ကိုင်စားသောက်ရတာလည်း ပင်ပန်းလာတယ်။ အရင်ကထက် အများကြီး ခက်ခဲလာတယ်” လို့သူက အခုလိုပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက လောင်းလုံမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေထဲကို နေ့တိုင်းနီးပါးလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် နေအိမ်တွေထိခိုက်ပျက်စီခဲ့ပြီး ဒေသခံတွေလည်းအများအပြား ထိခိုက်ဒဏ်ရာရရှိတာနဲ့ သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသတွင်းသတင်း အရင်းအမြစ်တွေအရ သိရပါတယ်။
အခုလက်ရှိအချိန်မှာလည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ သတိနဲ့သွားလာဖို့ သက်ဆိုင်ရာမြို့နယ်ရှိ ဒေသတော်လှန်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
သတင်- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)
Website –