အောက်တိုဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၃၀၀နီးပါးကို ရဲဘက်စခန်းကို ရွှေ့ပြောင်းဖို့အတွက် စီစဉ်တာနဲ့ အကျဉ်သားတွေကို ခေါ်ယူပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ရက်နေ့လောက်မှာ ရဲဘက်စခန်းကို ပို့ဖို့အတွက် အကျဉ်းသားတွေကို စာရင်းကောက်တာနဲ့ နာမည်စာရင်းထဲမှာ ပါတဲ့သူတွေကို အလှည့်ကျခေါ်ယူပြီး ကျန်းမာရေး စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ထားဝယ်ထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ ရဲဘက်ဆိုတာတော့ မသေချာဘူး။ သတင်းထွက်တာက ရဲဘက်ပို့ဖို့ နာမည်စာရင်းကောက်တယ်။ နာမည်စာရင်းနဲ့ ပတ်သတ်ပြီး လူစာရင်းမှတ်တာတွေ၊ ကျန်းမာရေး စစ်ဆေးတာတွေလုပ်တယ်” လို့ သူကပြောပါတယ်။
ရဲဘက်စခန်းကို ပို့မယ်ဆိုတဲ့ နာမည်စာရင်းထဲမှာ ပါဝင်သူတွေက ခိုးမှု၊ လူသတ်မှု၊ မုဒိန်းမှုစတဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ် (၁၀)နှစ်အောက် ချမှတ်ခံထားရသူတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။
“ နိုင်ငံရေးအကျဉ်းသားတော့ မပါဘူး။ အရင်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို အပြင်မထုတ်ဘူး။ ဒါပေမဲ့ နွေဦးတော်လှန်ရေးကာလမှာ ဒေသတစ်ခုမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရဲဘက်ထုတ်တာတော့ တွေ့ရတယ်။ ထားဝယ်မှာတော့ မပါဘူးလို့ ကနဦးသိရတယ်။ အခုထုတ်တဲ့ သူတွေက ရာဇဝတ်မှုနဲ့ ထောင်ကျနေတဲ့ သူတွေ” လို့ သူကပြောပြပါတယ်။
အခုလက်ရှိ ရဲဘက်စခန်းကို ပို့ခံရမဲ့ နာမည်စာရင်းထဲမှာ အကျဉ်းသား ၂၅၀ကျော်နဲ့ အကျဉ်းသူ ၂၀ကျော်ပါဝင်တယ်လို့ သိရပါတယ်။ ထားဝယ်အကျဉ်းထောင်မှာ အခုတကြိမ် ရဲဘက်ခေါ်တဲ့ အရေအတွက်ဟာ အရမ်းများပြားပြီး အမျိုသမီးတွေလည်း ပါဝင်နေတာကြောင့် အရင်က အမျိုးသမီး ရဲဘက်ကခေါ်တာမျိုး မရှိခဲ့ဖူးဘူးလို့ အကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။
“ ရဲဘက်က မိန်းမပို့တဲ့ ထုံးစံမရှိဘူး။ အဲ့ဒီနေရာတွေက တော်တော်နှိပ်စက်ခံရတဲ့ နေရာတွေပါ။ အခုက လူလည်းမျာတယ်၊ အမျိုးသမီးတွေလည်း ပါတာဆိုတော့ ဘာလုပ်ဖို့လဲ ဆိုတာကိုတော့ စဉ်းစားစရာပါဘဲ့” လို့ သူကအခုလိုပြောပါတယ်။
ထားဝယ်အကျဉ်းထောင်က အကျဉ်းသားတွေကို အဓိက ရဲဘက်ပို့တဲ့ နေရာတွေက တနင်္သာရီမြို့နယ်က ထုံခါအလုပ်ကြမ်းခန်း (ခ) ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအလုပ်သင်စခန်း၊ ပုလောမြို့နယ်က နတ်စင်ကုန်း အလုပ်ကြမ်းစခန်း၊ မြိတ်မြို့နယ်က ကျောက်ဖြူတောင် အလုပ်ကြမ်းစခန်းတို့ဖြစ်ပါတယ်။
ရဲဘက်စခန်းတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ နေရာဖြစ်ပြီး အာဏာပိုင်တွေကို အလုပ်အကျွေးပြုရတဲ့ နေရာဖြစ်တာကြောင့် အခုလို အကျဉ်းသား အမြောက်အမြားကို ရဲဘက်ပို့ဖို့စီစဉ်နေတဲ့အတွက် စိုးရိမ်မိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။
“ ရဲဘက်ဆိုတာက အစကတည်းက တစ်ယောက်ပို့ပို့်၊ နှစ်ယောက်ပို့်ပို့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ နေရာလေ။ ကျွန်တစ်ယောက်လို ခိုင်းစေတယ်။ ရလာတဲ့ အကျိုးစီးပွားကို စစ်တပ်ခေါင်းဆောင်တွေက ပြန်ပြီး အဲ့ဒီကနေ ပိုက်ဆံရနေတဲ့ နေရာဖြစ်တယ်” လို့ သူကအခုလိုပြောပါတယ်။
ထားဝယ်အကျဉ်ထောင်ကနေ နောက်ဆုံးအကြိမ်ရဲဘက်ပို့တာက ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကဖြစ်ပြီး အခုလို အကျဉ်းသားအမြောက်အမြားကို ရဲဘက်ပို့တာက ပုံစံအသစ်ဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်ထဲမှာ သတ်မှတ်ထားတဲ့ အကျဉ်းသားဦးရေးထက်များပြားနေတာကြောင့် ထားဝယ်မြို့နယ်၊ ဇီးကျရွာမှာ လက်ရှိအကျဉ်းထောင်ထက် ငါးဆကြီးတဲ့ အကျဉ်းထောင်အသစ်တစ်ခုကို ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ ၁၀၀၀ကျော်ရှိပြီး နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ကျော်ရှိတယ်လို့ DPPN ရဲ့ သတင်းအချက်အလက်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)