အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာတံတားနားမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က ကော့နွဲ့တံတားမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Kloud တပ်ဖွဲ့၊ Angry Bird Drone Ranger၊ Power of Ababil နဲ့ multirotor တပ်ဖွဲ့တွေက ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အခုလို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၃ ဦးသေဆုံးခဲ့ကာ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ကင်းပုန်းချထားတာတွေ၊စစ်ကြောင်းထိုးတာတွေ သူတို့ဘက်ကတောက်လျောက်ရှိနေတာပါ၊ ကျွန်မတို့ဘက်က သူတို့အပေါ်မှာ drop ချတဲ့အပေါ်မှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ မတရားကို ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပါတယ်၊ အဲ့ဒီလိုမျိုးပစ်ခတ်မှုတွေအပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး၊” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ပြန်လည်ပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတစ်လုံး ကော့ကရိတ်မြို့နယ်၊ ဝင်းကြီးရပ်ကွက်ရှိ အ.လ.က(၃) ကျောင်းထဲကျရောက်ပေါက်ကွဲခဲ့ပြီး ၁ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
” ကလေးတွေက မိန်းကလေး ၃ ယောက်တဲ့၊ လေးတန်းကလေးတွေ၊ အဲ့ဒီလေးတန်းကလေးတွေက သူတို့အချိုရည်ဝယ်သောက် မုန့်ထွက်စားတယ်ပေါ့နော်၊ စာမေးပွဲဖြေပြီးတဲ့အချိန်မှာ၊ နှစ်ယောက်က ဒဏ်ရာရတယ်၊ တစ်ယောက်ကတော့ ခေါင်းပွင့်၊အူပွင့်၊ခြေထောက်တွေပွင့်ထွက်သွားတယ်၊သူကပွဲချင်းပြီးသေသွားတယ်၊” လို့ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၁၂ နှစ်အရွယ် စတုထ္ထတန်းကျောင်းသူ နော်မိုးမိုးအေးဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် နော်စုရင်အေးနဲ့ ပထမတန်းကျောင်းသူ အသက် ၆ နှစ်အရွယ် နော်ဝေဝေနှင်းတို့မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားထိခိုက်သေဆုံးခဲ့တာမှာ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ သတင်းမှားထုတ်ပြန်ချက်တွေကို ထုတ်လွင့်နေပါတယ်။
အခုလို စစ်ကောင်စီဘက်က သတင်းအမှားတွေ ထုတ်လွင့်တာနဲ့ပတ်သတ်ပြီး ဒရုန်းဗုံးသီးချတိုက်ခိုက်တဲ့နေရာဟာ ကျောင်းနဲ့ တစ်မိုင်ခွဲလောက်ဝေးပြီး ကျောင်းအပေါ်ကနေလည်း ဒရုန်းပျံသန်းတာမျိုးမရှိခဲ့သလို ပြည်သူတွေထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ကျောင်းဘက်ကနေပြီး ကျွန်တော်တို့ လေယာဥ်ဖြတ်ပျံမှုတောင်မရှိဘူး၊ ကျွန်တော်တို့လေယာဥ်ကပေါ့နော်၊ သူတို့ဘက်ကရမ်းသမ်းပစ်ခတ်မှုကြောင့် အဲ့ဒီကျောင်းပေါ်ကိုကျပြီးတော့ ကျောင်းသူအချို့ ဒဏ်ရာရတယ်လို့ သိရတယ်၊ ကျောင်းနဲ့ ကျွန်မတို့ဗုံးချတဲ့နေရာနဲ့က တစ်မိုင်ခွဲလောက်ဝေးတယ်၊ ပြီးတော့ လေယာဥ်ပျံတာကလည်း ဒီဘက်ထဲကပြန်တာ အဲ့ဒီကျောင်းဘက်ကနေ ဖြတ်တောင်မပျံဘူး၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မတရား ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်စစ်ကောင်စီဘက်က စွတ်စွဲနေတာတွေက ကျွန်မတို့အနေနဲ့ လက်သင့်ခံလို့မရပါဘူးနော်၊ ကျွန်မတို့က ပြည်သူထိခိုက်မဲ့အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး၊” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ကမိုင်ကုန်း၊ ချောင်းတောင်၊ တောင်ကြာအင်း၊ ကော့နွဲ့၊ကြောင်လျှာကုန်း၊ အံဖကြီး၊သာယာကုန်းနဲ့ ရွာတန်းရှည်ကျေးရွာဘက်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာတွေတက်ရှိနေသလို စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-PAN channel
Phar Si Than(People’s Radio Myanmar)