အောက်တိုဘာလ ၁၃ရက်၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ထဲက မောင်မယ်ရှောင်ရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသား ၃ဦးထဲက တစ်ဦးရဲ့ အလောင်းကို ထားဝယ်မြစ်ထဲ တွေ့ရှိခဲ့တယ်လို့ မောင်မယ်ရှောင်ရွာရှိ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်နေ့က မောင်မယ်ရှောင်အနီးမှာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အား ၅၀လောက်နဲ့ မောင်မယ်ရှောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး လမ်းမှာတွေ့ရှိတဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ မောင်မယ်ရှောင်ရွာဒေသခံ တစ်ဦးက ပြောပါတယ်။
“ အဲဒီနေ့က အဖွဲ့တခုကနေ ထောင်ကားကို ယူသွားတော့ ထောင်ကားကိုဝင်ရှာတယ်။ ထောင်ကားကို သွားကိုင်တဲ့သူက အင်္ကျီအနီဆိုပြီး ပြောတော့ အနီနဲ့လူကို လိုက်ရှာရင် အဖမ်းခံရတဲ့ ၃ယောက်မှာ တစ်ယောက် အင်္ကျီအနီဝတ်ထားတာ။ အနီနဲ့လူကို ဖမ်းရင်း ကျန်တဲ့ နှစ်ယောက်ကို ပါမြင်တော့ တခါတည်းဖမ်းသွားတာ” လို့ သူက အခုလိုပြောပြပါတယ်။
အဖမ်းခံရတဲ့ သူတွေက အသက် ၁၄နှစ်အရွယ် အားပူကျူး၊ အသက် ၃၆နှစ်အရွယ် စောသားကလေး(ခ) ကိုသားဂန်း၊ အသက် ၄၀ဝန်းကျင်အရွယ် ကိုမျိုးဆွေတို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ရွာသား၃ဦးကို ဖမ်းဆီးသွားပြီးနောက် မောင်မယ်ရှောင်ရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ကူးတို့ဆိပ်ကမ်းကို ခေါ်ဆောင်သွားပြီးတဲ့အချိန် သေနတ်အသံ ၅ချက်လောက်ကြားရတာကြောင့် အဲ့ဒီမြစ်ဆိပ်မှာ သတ်ပစ်လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
“ ဖမ်းပြီးတာနဲ့ ချက်ချင်း မောင်မယ်ရှောင်က ကူးတို့ဆိပ်ကိုခေါ်သွားတာ။ အနီးက လူတွေပြောတော့ သူတို့ကို ခေါ်သွားပြီး သိပ်မကြာဘူး သေနတ်သံ ၅ချက်ကြားရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
အဆိုပါ ကူးတို့ဆိပ်အနီးမှာ သွေးကွက် ၃ကွက်ရှိနေတာ ၊ ဖမ်းဆီးသွားတဲ့အချိန် ချည်ထားတဲ့ ကြိုးအပြတ်တွေနဲ့ မြက်ပင်တွေလဲနေတာကိုလည်း တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ သွားကြည့်တော့ ကူးတို့ဆိပ်မှာ သွေးကွက်တွေတွေ့ရတယ်။ ဖမ်းသွားတုန်းက ချည်ထားတဲ့ ကြိုးတွေကို ဓားနဲ့ဖြတ်ထားလားမသိဘူး။ အဲ့တာတွေလည်း တွေ့ရတယ်” လို့ သူကအခုလိုပြောပါတယ်။
အဖမ်းခံရပြီး တပတ်လောက်ကြာ အောက်တိုဘာလ၆ရက်နေ့က အသက် ၃၆နှစ်အရွယ် ကိုသားဂန်းရဲ့ အလောင်းကို ကမြောကင်းရွာအနီးရှိ ထားဝယ်မြစ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ဖမ်းဆီးခံထားရတဲ့ အသက် ၄၀ဝန်းကျင်အရွယ် ကိုမျိုးဆွေနဲ့ အသက် ၁၄နှစ်အရွယ် အားပူကျူးတို့ရဲ့ အလောင်းတွေကိုလည်း တွေ့ရှိခဲ့တယ်ဆိုတာကို မိသားစုဝင်တွေက အတည်ပြုပြောဆိုနေကြတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“ ၃လောင်းစလုံး မြစ်ကမ်းနားနဘေးမှာ တွေ့တယ်။ သူတို့ အိမ်က လူတွေသွားကြည့်တာတော့ သုံးယောက်စလုံးပစ်သတ်ခံလိုက်ရတာ ဆိုပြီးပြောတယ်။ သူတို့အဲ့နေ့က ဝတ်ထားတဲ့ အင်္ကျီတွေနဲ့ လည်း တူတယ်။ တချို့တင်ထားကြတာတော့ အမျိုးမျိုးပြောနေကြတာပါဘဲ့။ အိမ်ကလူတွေသွားကြည့်ပြီး ပြန်လာတော့ တိကျတယ်ဆိုပြီးလာပြောတယ်” လို့ သူကပြောပါတယ်။
သေဆုံးသူ ကိုသားဂန်းရဲ့ ဇနီးသည်ကလည်း ကလေးမွေးပြီး ၁လလောက်ဘဲရှိသေးတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ရက်နေ့က မောင်မယ်ရှောင်ရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေလုပ်ဆောင်ပြီး အဲ့ဒီနေ့ ညနေ ၅နာရီလောက်မှာ ရွာထဲက ပြန်လည်းထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှုတွေနဲ့ ဒေသတော်လှန်ရေးတပ်တွေရဲ့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို အရပ်အဖက် အဖွဲအစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)
Website –