အောက်တိုဘာ ၁၂ရက် ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြိုနယ်၊သံပုရာကျေးရွာမှာ ကြာအင်းဆိပ်ကြီးကနေဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တို နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို ဒေသခံတွေထံမှသိရပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၅ နာရီဝန်းချင်အချိန်မှာ ကြာအင်းဆိပ်ကြီးကနေ ဆင်းလာတဲ့အင်အား၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို မနက် ၉နာရီ၃၀မိနစ်ဝန်းကျင်အချိန်လောက်က နေနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။
“မနက်က၅နာရီကျော်လောက်ကတော့စစ်ခွေးတွေကတော့ တက်သွားတယ်ဒါလီဘက်ကို ဆပ်ကြီးကနေတော့အသံမကြားရဘူးသံပုရာမှာတိုက်ပွဲဖြစ်နေတာတော့ ဟုတ်တယ်သူတို့ကတော့အနောက်ဘက်ကမ်းကိုရောက်သွားပြီး အခုတော့အသံနည်းနည်းတိတ်သွားပြီ”လိုသူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးကနေ ဆင်းလာတဲ့ အင်အား၁၀၀ ဝန်းကျင်ပါစစ်ကောင်တပ်စစ်ကြောင်းဟာ လမ်းတစ်လျှောက်လုံးမှာလည်း သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကိုပြုလုပ်ခဲ့တယ်လို့ ကော့ကမာကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။
“အောက်တိုဘာ ၆ရက်နေ့ကတော့ စစ်သားအယောက်တစ်ရာလောက်ရှိတယ် ချောင်းနှစ်ခွကနေ
ကြာအင်းဆိပ်ကြီးဘက်တက်သွားတယ် ဒီနေ့တော့သူတိုပြန်ဆင်းလာတယ် ပြန်လာတဲ့တစ်လျှောက်လုံးလည်းရမ်းသမ်းပစ်ခတ်နေတာ ဘာတွေကိုလိုက်ပစ်လိုပစ်နေမှန်းလည်းမသိဘူး”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာကြောင့် သံပုရာကျေးရွာကဒေသခံပြည်သူ၂၀၀၀ ဝန်းကျင်လောက်ဟာ ကျေးရွာရဲ့ချောင်းတစ်ဖက်ကမ်းမှာသွားရောက်တမ်းရှောင်နေရတယ်လို ကြာအင်းဆိပ်ကြီးမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲဝင်တစ်ဦးကပြောပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မနက်၉နာရီဝန်းကျင်အချိန်လောက်ကလည်း စစ်ကောင်စီတပ်သားတွေ ဂိတ်ချထားတဲ့ချောင်းနှစ်ခွတံတားအနီးကိုလည်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဒရုန်းဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူယာဥ်မောင်းတွေကပြောပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာသြဂုတ်လ၊စက်တင် ဘာလနဲ့ အောက်တိုဘာလအထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ်၅ခုမှာစစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ဌာနဆိုင်ရာရုံးတွေ၊စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-cj
Phar Si Than (People’s Radio Myanmar)