အောက်တိုဘာလ ၁၀ ရက်နေ့၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီသားတွေက PDF အသွင်ယူပြီး ရွာထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့၊ မနက် ၆နာရီလောက်မှာ အင်အား ၈၀လောက်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက သပြေဇွန်းရွာဘက်ကို ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီရွာကနေတဆင့် မင်းဒပ်၊ ပုဂေါဇွန်း၊ ရလိုင်ရွာထဲက အိမ်တွေထဲကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ရေဖြူမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
“မိုးလင်းကတည်းက ရောက်လာတာ။ မင်းဒပ်ဘက်ကို ရောက်လာပြီး နေအိမ်တွေကို ဝင်ပြီး စစ်ဆေးတယ်။ သူတို့က PDFဆိုပြီးပြောတယ်။ တချို့ကတော့ စစ်သားယူနီဖောင်းပဲဝတ်ထားကြတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးချိန် အချို့အိမ်တွေမှာ အိမ်ထောင်စုစာရင်းတွေပါ စစ်ဆေးပြီး အိမ်ထောင်စုစာရင်းထဲ မရှိတဲ့ သူတွေကိုတော့ ဖမ်းဆီးသွားတယ်လို့ ရေဖြူမြို့နယ်ဒေသခံက ဆိုပါတယ်။
“တချို့အိမ်တွေကိုဆို အိမ်ထောင်စုစာရင်းနဲ့စစ်တယ်။ လူပိုဖြစ်နေရင်ဖမ်းခေါ်သွားတယ်။ ပါသွားတာက ၄ယောက်၊ ၅ယောက်လောက်ပါသွားတယ် ဘာဖြစ်လို့လဲဆိုတာကိုတော့ မပြောဘူး” လို့သူက အခုလိုဆက်ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရွာသားတွေရဲ့ အခြေနေ အသေးစိတ်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြု ပြောဆိုနိုင်တာတော့ မရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မနေ့ကလည်း စစ်ကြောင်းထပ်မံ ဝင်ရောက်လာတာကြောင့် ထပ်မံစစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီကနေသိရပါတယ်။
အခုလက်ရှိ စစ်ဘေးရှောင်နေရတဲ့ ရွာတွေက ကုန်းသာယာအင်း၊ ဧကနိ၊ ရငဲ၊ ဝဇွမ်းတော၊ ခမောင်းချောင်းနဲ့ ဝက်ချောင်းရွာတွေဖြစ်ပြီး ရွာသားတွေက ထားဝယ်မြို့ပေါ်နဲ့ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက “တချို့စစ်ရှောင်တွေက ခဏခဏရှောင်နေရတော့ ရေဖြူနဲ့ ထားဝယ်မြို့ပေါ်တွေမှာသွားနေလိုက်ကြတယ်။ တချို့တဝက်လောက်တော့ ရွာထဲဝင်လိုက် စစ်ရှောင်လိုက်လုပ်နေကြတာပေါ့။ စစ်ကြောင်းကလည်း ဆက်တိုက်ထိုးနေတာ”လို့ သူကအခုလိုပြောပါတယ်။
အလားတူ အောက်တိုဘာလ ၉ ရက်နေ့၊ မနက်မှာ လောင်းလုံမြို့နယ်ရှိ ခမောင်းတောင်ရွာဘက်ကိုလည်း အင်အား ၅၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာထဲက နေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်အခြေစိုက်တပ်ရင်းတွေနဲ့ ရေဖြူ၊ ကလိန်အောင် အခြေစိုက်တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၆ ခုက စုပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပြီး စစ်ကြောင်းနှစ်ခုစလုံးက PDF အသွင်ယူထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ရေဖြူမြို့နယ်ထဲရှိ ပြည်သူ့ကာကွယ်ရေးတပ် စခန်းနှစ်ခု သိမ်းပိုက်စီးနင်းခံရတာကြောင့် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ရေဖြူမြို့နယ် (ပကဖ) တွေရဲ့ ယူနီဖောင်းနဲ့ ဘက်တံဆိပ်တွေ အများအပြားသိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသတော်လှန်ရေး တပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)