အောက်တိုဘာလ ၉ ရက်နေ့၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ စစ်ရေးအခြေအနေ တင်းမာနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လျှပ်စစ်မီးဖြတ်တောက်ထားတာ သုံးပတ်ကျော်ရှိပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ပုလောမြို့နယ်ထဲရှိ ရွာတွေဖြစ်တဲ့ မင်းထိန်ရွာ၊ လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပဝတ်ကုန်းရွာ၊ ကဒဲရွာ စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီးတဲ့နောက် အခုလို လျှပ်စစ်မီးဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
အခုလို စစ်တပ်က လျှပ်စစ်မီးဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပုလောမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွေက ဖယောင်းတိုင်သယ်ယူခွင့်ကိုလည်း တားမြစ်ထားတယ်လို့ ပုလောမြို့နယ်ရှိ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“စက်သုံးဆီလည်း သယ်ခွင့်မပေးဘူး။ ဆီဈေးတွေကလည်း တက်တယ်လေ။ ကျနော်တို့ ဝယ်ယူဖို့ မတတ်နိုင်ဘူး။ ဖယောင်းတိုင်တွေဆိုလည်း အများကြီးဝယ်လာရင် သိမ်းခဲ့တာတွေရှိတယ်။ မီးက ဘယ်နေ့ဖြတ်မလဲတော့မသိဘူး” လို့သူက ပြောပါတယ်။
ဒေသခံတွေက လျှပ်စစ်မီးဖြတ်တောက်ခံထားရတာကြောင့် စက်သုံးဆီနဲ့ ဖယောင်းတိုင်တွေအပြင် ရေနံဆီမီးခွက်ကို အဓိကအသုံးပြုနေရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
စစ်တပ်က အခုလို လျှပ်စစ်မီးဖြတ်တောက်လိုက်တာက ပုလောမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင် တော်တော်များများက လျှပ်စစ်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာကြာင့် ဆက်သွယ်ရေး လိုင်းဖြတ်တောက်ဖို့ လျှပ်စစ်မီးကို မပေးတာဖြစ်နိုင်တယ်လို့ ပုလောမြို့နယ်ရှိ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ပုလောတစ်မြို့နယ်က နေရာတော်တော်များများက Mytel လိုင်းမိကြတယ်။ အခုပြတ်နေတာကလည်း Mytel ပါ။ လိုင်းဖြတ်ဖို့အတွက် လျှပ်စစ်မီးကိုဖြတ်တောက်တာပါ” လို့ သူကအခုလို ရှင်းပြပါတယ်။
ပုလောမြို့နယ်မှာ စစ်ရေးအခြေနေတင်းမာနေတာကြောင့် ပုလောမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ ဇရပ်ဆိပ်၊ တပို၊ ကြဲ၊ ကျောက်ကမ်းပဲ့၊ မိန်းမမြို့၊ လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပြင်းဖြူရွာ၊ ပိတပ်ရွာ၊ တိုရွာ စတဲ့ရွာတွေက ဒေသခံထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို စစ်ဘေးရှောင်အရေး ကူညီပေးသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက “ရိက္ခာလည်းဖြတ်ခံရတယ်။ စစ်ရှောင်တွေကလည်း အရင်က ထက်ပိုများလာတော့ ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေလည်း ရှိတာပေါ့” လို့သူကပြောပြပါတယ်။
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ဆန်နဲ့ ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတဲ့အပြင် လျှပ်စစ်မီး ဖြတ်တောက်တာတွေကိုလည်း ထပ်မံပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်ရဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၉ သောင်းကျော်ရှိတဲ့ ပုလောမြို့နယ်တခုလုံးမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ပုလောအခြေစိုက်တပ်တွေနဲ့ မြိတ်အခြေစိုက်တပ်တွေက အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ တပ်ဖြန့်နေရာယူထားပြီး အခုလက်ရှိအချိန်မှာလည်း စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)