အောက်တိုဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိရွာနဲ့ ဝဲရစ်ကျေးရွာက နေအိမ်တွေကို ရိုက်ဖြိုဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရငဲရွာရှိ မြွေတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကျွဲမင်းကုန်းရွာ၊ တနက်သီရိရွာတွေဘက်ကို အင်အား ၂၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၅ ရက်ကြာနေထိုင်ကာ အောက်တိုဘာလ ၃ ရက်နေ့က ပြန်လည်ထွက်ခွာသွားတဲ့အချိန် ကနက်သီရိရွာရှိ နေအိမ်တွေနဲ့ ဈေးဆိုင်တွေကနေ ရွှေ၊ ငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ရွာထဲဝင်လာတုန်းကတော့ လက်နက်ကြီး၊ ငယ်ပစ်ပြီးဝင်လာတယ်။ အိမ် ၂၀ ကျော်လောက်ကို ဝင်မွှေသွားတယ်။ အဓိကက ဆိုင်ရောင်းနေတဲ့ အိမ်တွေကိုမွှေတယ်။ ရွှေတွေ၊ ငွေတွေနဲ့ စားသောက် စရာတွေယူတယ်” လို့သူကပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေက ခိုးယူထားတဲ့ ပစ္စည်းတွေကို ကား ၃ စီးနဲ့ သယ်ယူသွားတယ်လို့ သိရပါတယ်။ စစ်ရှောင်နေလို့ လူမရှိတဲ့ အိမ်တစ်ဆောင်ကနေ ပိုက်ဆံသိန်း ၅၀ နဲ့ ဆိုင်ကယ်တွေအပြင် ရွာထဲက ကား ၂ စီးကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကား ၃ စီးနဲ့တောင် သယ်တာဆိုတော့ ဘယ်လောက်တောင်များလိုက်တဲ့ ပစ္စည်းလဲ။ ရွာက ရွာကြီးဆိုတော့ ဖုန်းဆိုင်တွေ၊ ဈေးဆိုင်တွေ ပေါတယ်လေ။ ဖုန်းတွေလည်း ယူသွားတယ်။ မော်ဒယ်မြင့် ဆိုင်ကယ်တွေလည်း ပါတယ်။ ပြီးတော့ အိမ်စီးကားတစ်စီးနဲ့ ဒိုင်နာကားတစ်စီးကိုလည်းယူသွားတယ်” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေ သိမ်းယူသွားတဲ့ ဆိုင်ကယ်တွေနဲ့ ကားတွေကို ပိုက်ဆံ သိန်းဂဏန်းနဲ့ လာရွေးခိုင်းတယ်လို့ ကနက်သီရိရွာဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဆိုင်ကယ်တွေကိုတော့ သရက်ချောင်းတပ်ထဲမှာ လာရွေးခိုင်းတယ်။ ဝင်မွှေသွားတဲ့ အိမ်တွေက တော်တော်များများဘဲ။ သူတို့နဲ့ပတ်သတ်တဲ့ အိမ်နှစ်ဆောင်ကိုဘဲ ထာခဲ့တယ်။ ဝန်ကြီးချုပ် မြတ်ကို တူမအိမ်နဲ့ နောက်တစ်အိမ်ပေါ့။ အခုဝင်လာတဲ့ စစ်ကြောင်းမှာ ရွာက ပျူစောထီးခေါင်းဆောင် နိုင်မိုးရဲ့ သားလည်း ပါတယ်” လို့ သူကအခုလို ပြောပြပါတယ်။
အလားတူ အောက်တိုဘာလ ၅ ရက်နေ့မှာလည်း အဆိုပါစစ်ကြောင်းက ကမြိုင်ကျေးရွာကိုဖြတ်ကာ ဝဲရစ်ကျေးရွာထဲက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ နေအိမ် ၆၀ ကျော်ကိုလည်း ရိုက်ဖြို ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းက ကမြိုင်ကျေးရွာကို ဝင်ရောက်စဉ် ရွာသား ၅ ယောက်လောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ကာ ၄ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး ၁ ယောက်ကိုတော့ စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်နေတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ရွာထဲကိုဝင်လာတော့လည်း ၅ ယောက်လောက်ကိုဖမ်းပြီး မေးတယ်တဲ့။ PDF တွေ ရွာထဲကို ဝင်လာတာမြင်လားဆိုပြီးမေးတယ်။ မြင်တယ်ပြောရင် ပြန်လွှတ်ပေးတယ်။ ပြန်မလွတ်လာတဲ့ တစ်ယောက်ကတော့ မမြင်ဘူးဆိုပြီးပြောလို့ ဖမ်းသွားတယ်။ သူတို့ကို လိမ်တယ်ဆိုပြီး” သူကအခုလိုပြောပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက ရငဲရွာရှိ မြွေတောင်ပေါ်ကို ပြန်လည်ရောက်ရှိသွားပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ (၄၀၃) (၄၀၄) တပ်တွေကဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ရငဲရွာရှိ မြွေတောင်ပေါ်မှာ မေလလောက်ကတည်းက တပ်စွဲနေထိုင်နေတာဖြစ်ပြီး ရွာထဲရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖောက်ထွင်းတာနဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးတဲ့အပြင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၃ နှစ်ရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)