အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်က ထောင်ဝန်ထမ်းနှစ်ဦး အကျဉ်းသားတွေနဲ့တူ ထင်းခုတ်ဖို့သွားတဲ့အချိန် ပစ်သတ်ခံလိုက်ရတယ်လို့ ထားဝယ်မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်လောက်မှာ ထားဝယ်မြို့ကနေ ၈ မိုင် လောက်အကွာမှာရှိတဲ့ ရေဖြူမြို့နယ်၊ ဇီးကျရွာအနီး အကျဉ်းထောင်အသစ်ဆောက်တဲ့ နရာမှာ ထင်းသွားသယ်ချိန် ပစ်သတ်ခံရတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
“ဝန်ထမ်း ၂ ယောက်ရယ် အကျဉ်းသား ၅ ယောက်ရယ် ကားတစ်စီးနဲ့ ထွက်သွားကြတယ်။ အဲ့ဒီမှာက ထောင်အသစ်ဆောက်ဖို့ နေရာရှင်းနေတာရှိတယ်။ နေရာရှင်းနေတာဆိုတော့ သစ်ပင်တွေခုတ်ကြတော့ ထင်းသွားသယ်ကြတာ” လို့ သူကအခုလို ပြောပါတယ်။
ပစ်သတ်ခံရတဲ့ သူတွေက အကျဉ်းထောင်ဝန်ထမ်းတွေဖြစ်တဲ့ ကိုလွင်ငြိမ်းနဲ့ အောင်ဘိုဘိုထွဠ်တို့ နှစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ သူတို့တွေရဲ့ အလောင်းကို မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲဂိတ် စစ်ဆေးရေးဂိတ်နဘေးက လမ်းဆုံမှာ ဒေသခံတွေက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အကျဉ်းထောင်ဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အလောင်းကို ရွာသားတွေတွေ့တာပါ။ အလောင်းကိုတွေ့တာက ဘုရားမဲဂိတ်နဘေးက လမ်းထဲမှာပါ။ သူတို့က ထောင်ထဲမှာတော့ လက်နက်ကိုင်ကြတယ်။ အပြင်သွားတော့ လက်နက်မပါဘူးလို့ကြားတယ်” လို့ သူကပြောပြပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်ကလည်း တရားဝင်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ထောင်ဝန်ထမ်းတွေနဲ့အတူလိုက်ပါလာတဲ့ အကျဉ်းသား ၅ ဦးကတော့ ရေဖြူမြို့နယ်ထဲရှိ ဒေသတော်လှန်ရေးအဖွဲ့တွေထဲမှ တော်လှန်ရေးအဖွဲ့တစ်ခုထံသို့ ရောက်ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီ အကျဉ်းသား ၅ ဦးထဲမှာ နိုင်ငံရေး အကျဉ်းသာ ပါ/မပါ ကိုတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “အခုလိုအပြင်ကို ထွက်ခိုင်းတယ်ဆိုတာက လွတ်ခါနီးတွေကို သွားခိုင်းတာပါ။ ထောင်ကလွတ်ဖို့ ၄ လအလိုတို့၊ ၃ ရက်အလိုတော့။ အစရှိသဖြင့်ပေါ့။ အဲ့ဒီ ၅ ယောက်ထဲ နိုင်ကျဉ်းပါ၊ မပါ မသိရဘူး။ ဖြစ်နိုင်ချေများတာက နိုင်ကျဉ်းတွေကို ပေးထွက်မှာမဟုတ်ဘူး။ အတိအကျတော့ ပြောလို့မရဘူး။ ပါချင်လည်း ပါနေမှာပေါ့” လို့ သူကအခုလိုပြောပါတယ်။
အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေပြန်မလာလို့ ထောင်ဝန်ထမ်းတွေ စိုးရိမ်ထိတ်လန့် နေကြပြီ စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေမှာ ထားဝယ်အကျဉ်းထောင်ထဲ ပဌာန်းတွေ ဆက်တိုက်ဖွင့်ထားတယ်လို့ အကျဉ်းထောင်ဝင်းထဲ နေထိုင်သူက ဆက်ပြောပါတယ်။
“အချိန်ရောက်လို့ ပြန်မလာကြသေးတော့ စိုးရိမ်နေကြတာပေါ့။ ထောင်ထဲမှာက တခုခုဖြစ်ပြီဆိုရင် စပီကာအကျယ်ကြီးနဲ့ တရားတွေဖွင့်ကြတယ်။ အပြင်မှာ တခုခုဖြစ်နေပြီဆိုရင် တရားတွေ၊ ပဌာန်းတွေဖွင့်ပြီ” လို့သူကပြောပါတယ်။
ထားဝယ်အကျဉ်းထောင်ထဲမှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ကျော်ရှိတယ်လို DPPN ရဲ့ သတင်းအချက်အလက်တွေ အရသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ထားဝယ်မြို့နယ်၊ နည်းပညာတက္ကသိုလ်အနီး ဇီးကျရွာမှာ လက်ရှိ အကျဉ်းထောင်ထက် ငါးဆကြီးတဲ့ အကျဉ်းထောင်အသစ်တစ်ခုကိုဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး အခုချိန်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)