အောက်တိုဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်က ဒေသခံ ၇ ဦးကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတ်ဖြတ်လိုက်တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စစ်ကောင်စီတပ်သားနှစ်ဦးအပါအဝင် လောင်းလုံမြို့နယ်က လက်နက်ကိုင် မဟုတ်တဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီး ၉ ဦးကိုဖမ်းဆီးပြီး ပစ်သတ်လိုက်တာဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
သတ်ဖြတ်ခံရသူတွေက ဇူလိုင်လမှာ အသက် ၆၄ နှစ်အရွယ် မယ်သီလရှင်တစ်ပါး အပါအဝင် ကိုအောင်မိုး၊ ကိုသက်စိုးထိုက်တို့ သုံးဦးဖြစ်ပြီး ဩဂုတ်လမှာတော့ အသက် ၈၀ ကျော်အရွယ် ဦးလှရွှေ၊ မဝါဝါ၊ စက်တင်ဘာလမှာတော့ ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ ဖြစ်တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတစ်ဦးရဲ့ ပြောပြချကအရသိရပါတယ်။
အသက် ၆၄ နှစ်အရွယ် မယ်သီလရှင် ဒေါ်နန္ဒစာရီနဲ့ ဦးအောင်မိုးတို့ဟာ ဇူလိုင်လမှာ လောင်းလုံမြို့နယ်ကို သွားရောက်ချိန်ကတည်းက နှစ်ဦးစလုံး သတင်းအစအန ပျောက်ဆုံးနေတာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
“သူတို့က ဆိုင်ကယ်နဲ့ လောင်းလုံဘက်ကို သွားတယ်လို့ သိရတယ်။ အဲ့ကတည်းက ပျောက်သွားတာ ၂ လကြာမှ PDFတွေထုတ်ပြန်တဲ့စာမှာ ပစ်သတ်ခံရတဲ့ လူစာရင်းထဲ ပါလာတယ်ဆိုတာ သိရတယ်” လို့ သူကအခုလိုပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ကို နေအိမ်မှာ လာရောက်ဖမ်းဆီး သွားပြီး ပျူစောထီးခေါင်းဆောင် မနုသိန်းရဲ့ လူယုံတွေဖြစ်တယ်လို့ဆိုကာ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ဟာ လောင်းလုံမြို့နယ်၊ အင်းဇောက်ကျေးရွာရှိ အရေးပေါ်လူနာ တင်ယာဉ်နဲ့ နာရေးကူညီမှုအသင်းဝင်တွေဖြစ်ပြီး အခုလိုပစ်သတ်ခံရတာဟာ မတရားပစ်သတ်ခံရတာ ဖြစ်တယ်လို့ ကိုနေရဲစိုးမိသားစုဝင်နဲ့ နီးစပ်သူကဆိုပါတယ်။
“သူတို့က တစ်ယောက်က ပန်းရံလုပ်တယ်၊ တစ်ယောက်က မြေတင်ကားမောင်းတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေပါ။ တခါတလေ ရွာကအရေးပေါ်ကားမောင်းပါတယ်။ ဒလန်ဆိုတာက စွပ်စွဲခံရတာလို့ တောက်တောက်အမေက ပြောပြတယ်” လို့ သူကအခုလိုပြောပါတယ်။
အခုလို ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရတဲ့အပေါ် လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ သက်သေအချက်အလက်တွေကို ပြည်သူလူထုကြား ရှင်းရှင်းလင်းလင်း ချပြသင့်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့အနေနဲ့ မတရားသတ်ဖြတ်ခံရတာဆိုရင် စိတ်မကောင်းဖြစ်မိပါတယ်။ PDF အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေချင်တယ်။ တကယ်လို့ သတ်ခံလိုက်ရတဲ့သူတွေက ဒလန်ဆိုရင်လည်း သက်သေ အထောက်အထားတွေကို ချပြစေချင်တယ်။ မိသားစုတွေက ဘယ်နေ့ပြန်လာမယ်ဆိုတာ မသိတဲ့ သူတွေကို စောင့်နေရတယ်” လို့ သူကဆိုပါတယ်။
လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ကျမတို့ People’s Radio Myanmar အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး
တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ အခုလိုလုပ်ရပ်တွေကို လုပ်ဆောင်တာက တော်လှန်ရေး ဂုဏ်သိက္ခာတစ်ခုလုံးကိုထိခိုက်စေသလို၊ မတရားအသတ်ခံရတဲ့ မိသားစုဝင်တွေအနေနဲ့လည်း သိက္ခာကျဆင်းစေပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ထားဝယ်မြို့နယ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက အခုလိုပြောပါတယ်။
“သူတို့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့သတ်ဖြတ်တဲ့အထဲမှာ လွန်ခဲ့တဲ့ ၂ လက လူတွေလည်းပါတယ်။ အခုမှ ထုတ်ပြန်ချက်ထဲပါလာတာက စနစ်တကျလုပ်ဆောင်ထားတဲ့ လူသတ်အလောင်းဖျောက်ပုံစံ ဖြစ်နေတယ်။ ရွာကလူတွေ ပြောလာမှာ ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ ထုတ်ပြန်ချက်ထုတ်လိုက်တယ်။ ဒလန်ဆိုတာက တဖက်တည်း စွပ်စွဲတာလွယ်တယ်။ ကျနော်တို့လိုချင်တာက နှစ်ဦးနှစ်ဖက် ကြားနာ စေချင်တယ်” လို့ သူကပြောပါတယ်။
အဆိုပါကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး နောက်ထပ်မဖြစ်စေချင်တော့သလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အနေနဲ့လည်း ထိထိရောက်ရောက် တာဝန်ယူပေးစေချင်တယ်လို့ ထားဝယ်မြို့နယ်ရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှုတွေနဲ့ ဒေသတော်လှန်ရေးတပ်တွေရဲ့ ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ ပစ်သတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို အရပ်အဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန် ထားချက်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)