အောက်တိုဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်းမှာတပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Cobra Column 2 Venom ကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုလာလ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၀ မိနစ်လောက်က KNLA ပူးပေါင်းတပ်ဖွဲ့၊ KTLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ Cobra Column 2 Venom စစ်ကြောင်းတွေက ရွှေအေးမြိုင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နာရီဝက်နီးပါ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုလိုသွားရောက်ပစ်ခတ်ခဲ့တာမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ ခြံစည်းရိုးနား အထိကို သွားရောက်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်တာတွေရှိခဲ့ပေမဲ့ ထိခိုက်မှု စာရင်းအတိအကျကို မသိရှိရသေးဘူးလို့ Cobra Column 2 Venom က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်နက်ငယ်နဲ့ပါပဲ နာရီဝက်လောက် ခြံစည်းရိုးနားရောက်တဲ့အထိ ဝင်ပစ်ခဲ့တာပါ၊ ထိခိုက်မှု အတည်ပြုနေဆဲပါ၊ စစ်ကောင်စီတပ်က အနည်းငယ်ပြန်ပစ်ခဲ့ပါတယ် သူတို့ဘက်က စခန်းဝင် အသိမ်းခံရပြီ ထင်ပုံရပါတယ်” လို့ Cobra Column 2 Venom ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလက်တလောမှာ စစ်ကောင်စီတပ်က မြဝတီမြို့နယ်ရှိ စုကလိ၊ ဝေါလေဘက်ကကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးတာတွေပြုလုပ်နေသလို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ဖို့အတွက် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိနေသလို ကျနော်တို့ဘက်ကလည်း လက်ရှိ ပြောက်ကျားစစ်ဆင်ရေးကို KNLA ပူးပေါင်းအဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့တွေနဲ့အတူ ဖော်ဆောင်လျှက် ရှိပါတယ် အကို မကြာခင် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အနားမပေးပဲ ဆက်လက်တိုက်ခိုက်သွားမှာပါခင်ဗျာ” လို့ ပြောပါတယ်။
မြဝတီမြို့နယ်၊ စုကလိနဲ့ ဝေါလေကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ပွားတာ မရှိသေးတာကြောင့် စစ်ဘေးရှောင်တွေမရှိသေးပေမဲ့ မကြာခဏစစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူတွေကိုပစ်ခတ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုတိုက်ပွဲတွေဖြစ်တာတော့မရှိသေးပါဘူး၊ စစ်ရှောင်တွေလည်းမရှိသေးဘူး၊ စစ်ကြောင်းထိုး တာတွေက မကြာခဏရှိတယ်၊ ရှေ့တစ်လလောက်ကဘဲ စစ်ကြောင်းထိုးလာပြီးတော့ ပြောင်းခင်းထဲမှာ အလုပ်လုပ်နေတဲ့ လူကိုပစ်တာ ဒဏ်ရာတွေရသွားတယ်၊ မနေ့ညကလည်း ၄၀ မမတွေနဲ့ ပစ်တယ်” လို့ စုကလိကျေးရွာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
မြဝတီမြို့နယ်မှာ စက်တင်ဘာလ အစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ရွှေအေးမြိုင်ဘုရားကုန်းမှာ စစ်ကောင်စီတပ် ဝင်ရောက် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟိန်းဇော်လတ်ဦးဆောင်တဲ့ ၅၅၉ တပ်ရင်းက ဒုတပ်ရင်းမှူးအဆင့်ရှိ ဦးဝင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွား ခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cobra Column 2 Venom
Phar Si Than (People’s Radio Myanmar)