စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို Federal Wings ဒရုန်းတပ်ဖွဲ့နဲ့ အတူ နယ်မြေခံတော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့မှ ဒရုန် ၉ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ညနေ ၆ နာရီအချိန်မှ ည ၉ နာရီအချိန်ထိကိုအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒရုန်း ၉ စီး၊ ဗုံးသီး ၃၆ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်ဖြစ်တဲ့ GTR MMUမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ဒရုန်းဗုံး စုစုပေါင်း ၃၆ လုံး ကြဲချခဲ့တာပေါ့နော် ရဲစခန်းဘက်မှာတော့ ၅ လုံးကြဲပြီးတော့ ထွေအုပ်ရုံးမှာတော့ ၃၁ လုံးကြဲချခဲ့တာပါ တိုက်ခိုက်တာတော့ ၆ နာရီ ဝန်းကျင်လောက်မှာ စတင် တိုက်ခိုက်တာပေါ့ ပီးဆုံးတဲ့အချိန်ကတော့ ၉ နာရီဝန်းကျင်ဗျ” လို့ သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချထားတဲ့နေရာတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာမျိုးရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ဒီလထဲမှာတော့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကိုတိုက်ခိုက်တာကတော့ ဒီတစ်ကြိမ်ပဲရှိပါသေးတယ် လက်ရှိမှာတော့ သေဆုံးတာနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပဲ ပျက်စီးတာကတော့ အဆောက်အအုံတစ်ချို့ပျက်စီးခဲ့တယ်” လို့ သူကပြောပါတယ်။
“ညနေ ၆ နာရီကျော်လောက်ကစပြီးတော့ ဗုံးက ၃၀ ကျော်လောက်တော့ရှိတယ်အသံက ဗုံးချပစ်ခတ်တာတော့ရှိတာပေါ့ ဒီနက်ကတော့ အခြေနေကောင်းပါတယ်” လို့သူကပြောပါတယ်။
ဒါ့အပြင် အခုလို စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီ တပ်ဘက်မှ လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းအချိန်မှာတော့ စစ်ကောင်စီတပ်ဘက်မှ ဝင်ထွက်သွားလာ လှုပ်ရှားတာမျိုး မရှိတော့ဘူးလို့ ဆိုပါတယ်။
မြင်းမူမြို့နယ်ထဲက အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းတို့ကို (၁၈၀၁)တပ်ရင်း တပ်ခွဲ ၃ စစ်ကိုင်းဒေသ Federal Wings၊ စစ်ကိုင်းခရိုင်ပကဖ၊ GTR မြင်းမူ၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ SAF ကျောင်းသားလက်ရုံးတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့နဲ့အတူ Lightning Drone Force ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အခု ၂၀၂၃ ခုနှစ် မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်း Mission ပေါင်း ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီးပေါင်း ၁၅၀ ကြဲချတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်မှလည်း ၂၀ ဦး ထပ်မနည်းထိခိုက်သေဆုံးခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Federal Wings
Phar Si Than (People’s Radio Myanmar)