စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု ပြင်းငယ်ရွာက လူငယ်အရွယ်မျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကပစ်သတ်ပြီး ရွာသားအချို့ကိုလည်း ဖမ်းဆီးထား တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၃ နာရီလောက်မှာ နန်းပရုတ်ရွာဘက်ကနေ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်လောက်က ရှပ်ပုံကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အသက် ၁၉ နှစ်အရွယ်ရှိ ပြင်းငယ်ရွာသား ကိုအောင်ဖြိုးဆိုသူကို အကြောင်းမဲ့ပစ်သတ်သွားတာဖြစ်တယ်လို့ ပုလောမြို့နယ် ဒေသခံကဆိုပါတယ်။
“ရှပ်ပုံကို စစ်ကြောင်းထိုးလာဖို့ ပြင်းငယ်မှာ ပျူစောထီးတွေက စစ်သားတွေကိုသွားစောင့်နေကြတယ်။ အဲ့ချိန်မှာ ဒီကလေးကို အင်္ကျီမဲဝတ်ထားလို့ပစ်တာဆိုပြီး ပစ်သတ်သွားတယ်။ ဦးခေါင်းကို ပစ်တာဆိုတော့ ဖမ်းပြီးမှ ပစ်သတ်သွားတဲ့ သဘောရှိတယ်”လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာတွေ့တဲ့ ရှပ်ပုံရွာသား ကိုကြာရိုးနဲ့ ကိုစိုးသန့်ဆိုသူနှစ်ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ရှပ်ပုံရွာမှာက တော်တော်များများ မရှိကြတော့ဘူး။ အကုန်လုံးစစ်ရှောင်နေကြတယ်။ စစ်ကြောင်း ဝင်လာပြီဆို လူသားဒိုင်းအဖြစ်ဖမ်းနေကြဆိုတော့ တွေ့တဲ့လူကို ဖမ်းတယ်” လို့ သူကအခုလို ပြောပါတယ်။
ရှပ်ပုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၈ ရက်နေ့က နန်းပရုတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တဲ့ စစ်သားတွေ ဖြစ်တယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တဲ့ စစ်ကြောင်းပါ။ မနေ့က ဒုတိအကြိမ် ထိတွေ့မှုမှာတင် ၇၀လောက်ရှိတာဆိုတော့ အခုစစ်ကြောင်းမှာ ပေါင်းလိုက်ကြတော့ ၁၀၀လောက်ရှိမယ်” လို့ သူကပြော ပြပါတယ်။
အခုလက်ရှိမှာတော့ အဆိုပါစစ်ကြောင်းက ပြင်းငယ်ရွာထဲက ပြန်ထွက်သွားပြီး ဖမ်းဆီခံရတဲ့ ဒေသခံနှစ်ဦးနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ ပုလောမြို့နယ်မှာ စစ်ရေးအခြေနေ တင်းမာနေတာကြောင့် ပုလောမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ ဇရပ်ဆိပ်၊ တပို၊ ကြဲ၊ ကျောက်ကမ်းပဲ့၊ မိန်းမရွာ၊ လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပြင်းဖြူရွာ၊ ပိတပ်ရွာ၊ တိုရွာ စတဲ့ ရွာတွေက ဒေသခံ ထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက အကြောင်းမဲ့ ပစ်သတ်တာနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းဖြူရွာရှိ ဒေသခံ ၄ဦး သေဆုံးခဲ့ပြီး လက္ကူးရွာ ဘုန်းကြီကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံ ၁၀၀ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ဖူးတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှု တွေနဲ့ ဒေသတော်လှန်ရေးတပ်တွေရဲ့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အရပ်အဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)