စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ခနိမ်းမူရပ်ကွက်ဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောက်စီတပ်ရဲ့ ခလရ ၉၇ တပ်နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ကော့ကရိတ်မြို့ ကမိုင်ကုန်းကျေးရွာ၊ ချောင်းတောင်ကျေးရွာနဲ့ ကော့နွဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ ကလည်း ည ၈ နာရီခွဲလောက်ကစပြီး ည ၁၂ နာရီလောက်အထိ ကော့ကရိတ်မြို့ ခလရ ၉၇ တပ်ကနေ လက်နက်ကြီး အလုံး ၅၀ ကျော်လောက် ခနိမ်းမူရပ်ကွက်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဒေသခံတွေရဲ့ တောင်ယာအနီးအနားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၈ နာရီကျော်ကျော်လောက်ကစပြီးပစ်တာပါ၊ ဆက်တိုက်ပစ်တာ၊ တစ်လုံးပစ်လိုက် ၅ မိနစ် လောက် နေရင် နောက်ထပ်တစ်လုံးထပ်ပစ်လိုက်နဲ့၊ တစ်ခါတစ်ခါကျရင် ၂ လုံးဆက်တိုက်ပစ်တာနဲ့ရှိတယ်၊ ညက ၁၂ နာရီကျော်လောက်မှာ ငြိမ်သွားတယ်” လို့ သူကပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေရဲ့ အိမ်ပေါ်ကျလာမှာကို စိုးရိမ်နေကြပြီး ဒေသခံတစ်ချို့ကလည်း ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“အခု ခနိမ်းမူနားမှာ တိုက်ပွဲမဖြစ်တာကြာပြီး၊ ညဘက်ကတော့ လက်နက်ကြီးသံတွေကြားရတာက ၅ ရက်ဆက်တိုက်လောက်ရှိနေပြီး၊ ညကမှ ခနိမ်းမူဘက်ကို ပစ်တာ၊ အခုက တစ်ချို့ဆိုရင် ကော့ကရိတ်မြို့ ထဲဝင်နေတာတွေရှိတယ်၊ တစ်ချို့ကတော့ ဘားအံဘက်က အမျိုးတွေ၊ အသိတွေအိမ်မှာလိုက်နေ နေကြတယ်၊ ဘားအံဘက်ကိုသွားတာကများတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ ဒေသခံတော်လှန်ရေးစစ်ကြောင်းတွေက တာဝန်ကျရာ နေရာတွေမှာ အသင့်အနေအထားနဲ့ ရှိနေကြတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေရှိသလို တောင်ကြာအင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာလည်းဖြစ်ပါတယ်။
ကော့ကရိတ်မြို့မှာ သြဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)