စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး မီးရှို့တိုက်ခိုက်ခံခဲ့ရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်လာလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်လောက်က ကော့ကရိတ်မြို့၊ အမှတ်၇ ရပ်ကွက်၊ ဗောဓိကျောင်းလမ်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို KKO(ခွဲထွက်)နဲ့ PDF တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်သတင်း channel တွေရဲ့ ဝါဒဖြန့် ရေးသားချက်တွေအရ သိရပါတယ်။
အခုလို မီးရှို့ခံရတာကြောင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးရုံးနဲ့ ပြည်သူ့အင်အားစုဦးစီးဌာနရုံးတို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
“ညက ဘာသံမှမကြားရဘူး၊ ၁၁ နာရီကျော်လောက်မှာ မီးရှို့ခံထိတာ၊ မီးကကြီးတယ်၊ မီးသတ်ကားတွေလည်း မလာရဲဘူး၊ လဝက ရုံးကတော့ တော်တေယ်များများမီးလောင်သွားတယ်၊ မီးရှို့တဲ့လူတွေကတော့ ရှို့ပြီးတာနဲ့ ထွက်သွားတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို လူဝင်မှုကြီးကြပ်ရေးရုံးကို မီးရှို့ဖျက်စီးတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ People’s Radio Myanmar သတင်းဌာနအနေနဲ့ဒေသတွင်း စစ်ကြောင်းတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။
အခုလို ကော့ကရိတ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမီးရှို့ခံခဲ့ရတာကြောင့် ဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အာရှလမ်းမဘက်နဲ့ ကမိုင်ကုန်းဘက်ကို ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကမိုင်ကုန်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ပစ်နေလို့ စျေးဆိုင်တွေ အကုန်လုံးပိတ်ထားရတယ်၊ ပစ်တာကတော့ ၉၇ ကဘဲ၊ ပစ်တာက ၂ ရက်လောက်ရှိပြီး၊ သူတို့ပစ်နေတာမှာ ရွာသားတွေ စျေးဆိုင်နဲ့ အရမ်းနီးနေတာကျတော့ စျေးဆိုင်တွေ ပိတ်ထားရတယ်” လို့ ကမိုင်ကုန်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဘုရားသုံးဆူနဲ့ ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီတပ် တပ်စွဲနေကြတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဗုံးခွဲတိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ည ၁၁ နာရီခွဲလောက်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – PAN Channel
Phar Si Than (People’s Radio Myanmar)