စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
မြန်မာနိုင်ငံမှ အခြားနိုင်ငံတွေကို ရွှေ့ပြောင်း အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အခြားနိုင်ငံတွေကနေ ရရှိတဲ့ ၀င်ငွေအပေါ် အနည်းဆုံး အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ အတင်းအကျပ် ဖိအားပေးနေတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက်တွေကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅ သန်းခန့် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ ဆန္ဒပြမှုတွေလုပ်ဆောင်နေကြပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံး အပြင်ဘက်မှာ စစ်အစိုးရရဲ့ လစာတွေအပေါ် အခွန်ကောက်ခံမဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
ယခုလအစောပိုင်းတွင် စစ်အစိုးရက ငွေလွှဲနည်းဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံရဲ့ဘဏ်လုပ်ငန်းစနစ်ကနေတစ်ဆင့် သူတို့ရဲ့ နိုင်ငံခြားငွေဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပေးသွင်းဖို့ ကြော်ငြာချက် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ငွေလွှဲမှုတွေကို အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်နဲ့ တရားဝင်ငွေလဲနှုန်း ပြောင်းလဲမှာ ဖြစ်သော်လည်း အမှန်တကယ် စျေးကွက်ထဲမှာပေါက်တဲ့ဈေးနူန်းမှာ ၃၃၀၀ ကျပ် ဖြစ်ပါတယ်။ ထိုင်းဘတ်ငွေအတွက် စစ်အစိုးရရဲ့ ရည်ညွှန်းငွေလဲနှုန်းမှာ ၅၆ ကျပ်သာရှိသော်လည်း စျေးကွက်ထဲမှာ ပေါက်တဲ့ဈေးနူန်းက တစ်ဘတ်ကို ၁၁၀ ကျပ်ဝန်းကျင်ဖြစ်ပါတယ်။
လိုက်နာမှုမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့ရဲ့ လက်ရှိအလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီးနောက် သုံးနှစ်ကြာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“အလုပ်သမားတွေဟာ သူတို့ရဲ့ ခက်ခက်ခဲခဲရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို (စစ်အစိုးရရဲ့) နှုန်းနဲ့ ပြောင်းလဲပြီး သူတို့ရဲ့ ၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုလည်း ပေးဆောင်ရလိမ့်မယ်။ အဲဒီအခါမှာ အလုပ်သမားတွေက ဆားနဲ့ ထမင်းပဲ စားရမယ်။ အမြတ်ထုတ်ခြင်းပဲ” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
အခွန်စည်းကြပ်မှုဥပဒေသစ်အရ တစ်နှစ်လျှင် ဝင်ငွေ ကျပ်ငါးသိန်းနဲ့ ဆယ်သိန်းကြားရရှိသူတွေကို ဝင်ငွေခွန် ၅ ရာခိုင်နှုန်း၊ ကျပ် ၁၀ သိန်းနဲ့ သိန်း၂၀ ကြားဝင်ငွေရှိသူကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၂၀ နဲ့ ၃၀ ကြားဝင်ငွေရှိသူ ၁၅ ရာခိုင်နှုန်း၊ တစ်နှစ်ကို ကျပ်သိန်း ၃၀ နဲ့အထက် ဝင်ငွေရှိသူကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်နှစ်ကို ကျပ် ၁၀ သိန်းရရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဝင်ငွေခွန် ကျပ် ၅၀၀,၀၀၀ ပေးဆောင်ရပြီး တစ်နှစ်ကို ကျပ်သိန်း ၂၀ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဝင်ငွေခွန် ကျပ် ၁ သိန်း ပေးဆောင်ရမှာဖြစ်ပါတယ်။
Ref : Mizzima English & VOA
Photo : Mizzima English