စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့ရဲ့ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်အရှေ့မှာ လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ် ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ အကွာလောက်မှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ရှေ့မှာ လုံခြုံရေးချထားတဲ့ တပ်မ ၁၉ လက်အောက်ခံတပ်သားတွေကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် မြဝတီဘဏ်ရှေ့မှာ လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ် ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်ဗျ၊ နှစ်ယောက်ကတော့ နေရာမှာ ကျသွားတယ်၊ ကျန်တာကတော့ မော်လမြိုင်ဆေးရုံပေါ့နော်၊ မော်လမြိုင်စစ်ဆေးရုံမှာ ကျသွားတယ်လို့ သိရတယ်” လို့ သူကပြောပါတယ်။
ရေးမြို့လယ်ခေါင်ရှိ မြဝတီဘဏ်မှာ စစ်ကောင်စီတပ်က နေ့တိုင်း တပ်သား ၁၀ ဦးနီးပါးနဲ့ လုံခြုံရေး ယူလေ့ရှိပြီး သွားရောက်ပစ်ခတ်ခဲ့ရာမှာလည်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပေမဲ့ အရပ်သား ပြည်သူတွေ ထိခိုက်တာမျိုးမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
သူက “မစ်ရှင်ရဲ့ plan ကတော့ gun ဝင်လုတယ်ပေါ့ဗျာ၊ အပြင်ကတုတ်မှာက ၃ ယောက် ပုံမှန်ရှိတယ်၊ အပေါ်မှာက ၄၊၅ ယောက်လောက်ရှိတယ်၊ အောက်ကတုတ် ၃ ယောက်ကို ကျွန်တော်တို့ ပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့တယ်၊ အပေါ်က ၂ ယောက်ကို ကျွန်တော်တို့ ပစ်ချနိုင်ခဲ့တယ်၊ ဒါပေမဲ့ အခြေနေ တစ်ခုကြောင့် လက်နက်ကိုတော့ ကျွန်တော်တို့ သိမ်းဆည်းမရခဲ့ဘူး၊ မစ်ရှင်ကိုတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်၊ ပြည်သူထိခိုက်မှုမရှိဘူး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘဲ ကျဆုံးခဲ့တယ်၊” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ မြဝတီဘဏ်ကို ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီ တပ်ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ရေးဘီလူးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘဲ အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေးဘီလူးအဖွဲ့ရဲ့ ဝင်ရောက်ပစ်ခတ်တာကို ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ရေးမြို့ထဲမှာ ရမ်းသမ်းပစ်ခတ်တာတွေနဲ့ မြို့အဝင်အထွက်နေရာတွေမှာလည်း ဂိတ်ချကာ အစစ်အဆေး တွေကို တင်းကြပ်ထားတယ်လို့ ရေးမြို့ဒေသခံတွေက ပြောပါတယ်။
“အပစ်ခံရပြီးမကြာဘူး၊ စစ်တပ်ကလူတွေရောက်လာတယ်၊ ဘဏ်နားမှာဘဲ သေနတ်တွေနဲ့ ပစ်ဖောက် တယ်၊ နောက်ပြီးတော့ မြို့အဝင်အထွက်နေရာမှာလည်း သွားတဲ့လူတွေကို အကုန်ဂိတ်ချပြီး စစ်ဆေး တာတွေ လုပ်တယ်” လို့ ရေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ဂိတ်ချရာနေရာတွေ၊ စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေကို ရေးဘီလူးအဖွဲ့က မကြာခဏ ပစ်ခတ်ရှင်းလင်း ပစ်ခတ်တာမှာ စစ်ကောင်စီတပ်လက်အောက်ခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် စကခ အမှတ်(၁၉) လက်အောက်ခံ SP ရုံးမှာ ၃ ပွင့်ရာထူးရှိတဲ့ ရဲအုပ်ကြီးမြင့်လွင် သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ရေးဘီလူး
Phar Si Than (People’s Radio Myanmar)