စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်က ကျေးရွာတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေခံတော်လှန်ရေးအင်အားစုဘက်မှ တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ တောင်ကြာအင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သလို ၂၂ ရက်နေ့မှာ ခလရ(၂၃၀)တပ်က ဗျူဟာမှူးကိုယ်တိုင် လာရောက်စစ်ဆေးချိန်မှာလည်း ဒရုန်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေး အင်အားစုတပ်တို့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃၈ ဦးသေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
“သေဆုံးတဲ့ဦးရေကတော့ အဲ့ဒီဒရုန်းနဲ့လောက်ပဲရတာ ပထမဆုံးရက်တော့ ၆ ယောက်လောက်သိရတယ် မြေပြန့်ကော၊ ဒရုန်းနဲ့ကော၊ Fixed Wingsကောအစုံပေါ့ ဒရုန်းတစ်ခုထဲတော့မဟုတ်ဘူး သေတာကတော့ များတယ်၂၀ အထက်ရှိတယ်သေတာ” လို့ သူကပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က တောင်ကြာအင်းကျေးရွာကဘုန်းကြီး ကျောင်းအတွင်းမှာလည်း တပ်စွဲထားသလို အခုမြေပြင်တိုက်ပွဲမရှိတော့ပေမဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေတော့ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
“မြေပြင်တိုက်ပွဲကတော့ဘယ်နေ့ရယ်လို့တော့မရှိဘူး ၂၅ ရက်နေ့ကနေ ခုထိတော့ စစ်ရေးကတော့ ဖြစ်နေတာပဲ လမ်းတွေကတော့ ပိတ်နေတုန်းပဲ ဟိုဘက်ကရွာသားတွေကတော့ ရှောင်သင့်သလောက် ရှောင်သွားပြီ မြေပြန့်တိုက်ပွဲကတော့ မနေ့က တစ်ရက် ဒီနေ့တစ်ရက် ၂ ရက်ရှိပြီး မြေပြင်တိုက်ပွဲ မဖြစ်တော့ဘူး ဒရုန်းနဲ့ကတော့အသီးကတော့ချဖြစ်တယ်” လို့ သူကပြောပါတယ်။
ဒေသခံပြည်သူအမျိုးသားတစ်ဦးကလည်း “ဒီနေ့ကတော့အေးဆေးပဲ တိတ်ဆိတ်နေတာပဲ တော်တော် များများ ရှောင်နေကြပြီး လက်ရှိအချိန်ထိတော့ အသံမကြားရသေးဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နောင်တလာကျေးရွာက အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သလို နှစ်ဖက်အပြန်ပစ်ခတ်မှုအတွင်းမှာလည်း တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသလို နောင်တလာကျေးရွာနဲ့ တောင်ကြာအင်းကျေးရွာက တစ်ထောင်ဝန်းကျင်လောက်ကလည်း အနီးအနားကကျေးရွာတွေ၊ တောတွေနဲ့ ရာဘာခြံတွေမှာ သွားရောက်နေထိုင်ကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)