စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်ရှိ ဘီးချောင်းကုန်းမှာ စစ် ကောင်စီတပ်နဲ့ နယ်မြေခံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ရင်း ၅ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်မှာ ပဲခူးရိုးမအတွင်းက ဘီးချောင်းကုန်းမှာ အင်အား ၁၀၀ ပါစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးကာ ၂၀ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်း ၅ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
“စစ်ကြောင်းကတော့ ခြေလျင်စစ်ကြောင်းပါ သေဆုံးတာမျက်မြင် ၅ဦး အတည်ပြု ကျန် ၁၁ ဦးရယ် မျက်မြင် ၅ ဦးပေါင်း ၁၆ ဦးကို တပ်ဖရဲသီးနဲ့ အဲ့အလောင်းတွေသယ်တာမြင်ရသူတွေရဲ့ အတည်ပြုချက် အရ သိရတာပါ အဲ့ဒီတပ်သားတွေက ခလရ ၁ စိန်ကန့်လန့်တပ် ခလရ ၃၅ သာယာဝတီတပ် ကပစတပ်သားတွေ ပူးပေါင်းအဖွဲ့တွေ” လို့ သူကပြောပါတယ်။
ဒါ့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ ပြန်လည် ပစ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှလည်း ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း သာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်း ၅ က အသက် ၃၈ နှစ်အရွယ် ရဲဘော်ဘကြမ်း ကျဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“သူတို့ဆီကသိမ်းဆည်းရမိတာမရှိဘူး သူတို့ကို ကျွန်တော်တို့ ကြာရှည် မရင်ဆိုင်နိုင်ဘူး ကျွန်တော်တို့ဘက်ကို စုပြုံတက်လာလို့ ကျဆုံးရဲဘော်အလောင်းထားခဲ့ရတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်မှ ယာစောင့်တဲ ၃လုံး ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အနီးအနားရှိစိုက်ခင်းတွေက သီးနှံတွေလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ပဲခူးရိုးမအတွင်းရှိ ဇာမဏီဘက်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးစစ်ကြောင်းနဲ့ သာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်း ၅ တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတက်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကြောင်းတွေမှာ မကြာခဏကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံနေရတာအပြင် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူတွေမှာလည်း မကြာခဏ ရှင်းလင်းခံနေရတယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – သာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်း ၅
Phar Si Than (People’s Radio Myanmar)